အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကာအကွယ်ပြုရေး ကုန်သွယ်ရေးအစီအမံများကြောင့် ထိုင်းနိုင်ငံ၌ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံအဆင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကောင်စီက သုံးသပ်ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ယခင်နှစ်ထက် အနည်းငယ် မြင့်တက် ခဲ့ပါကြောင်း၊ တစ်ဦးချင်းလုပ်သားအင်အား ၄၀၂,၂၂၀ ဦးတွင် ၁ ရာခိုင်နှုန်းဖြစ်သဖြင့် ယခင်နှစ် ၃၉၅,၂၀၀ ဦးတွင် ၀.၉၈ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း လုပ်သားအင် အားသည် ၄၀.၃၅ သန်းရှိပြီး ၂၀၂၃ ခုနှစ်ရှိ ၄၀.၄၄ သန်းထက် ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ အလုပ်လုပ်ကိုင်နေသည့်ဦးရေသည် ၃၉.၈ သန်းရှိပြီး ၂၀၂၃ ခုနှစ်ရှိ ၃၉.၉ သန်းထက် ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ အမေရိကန်၏ အခွန် သို့မဟုတ် အခွန်မဟုတ်သော ကုန်သွယ်ရေး အစီအမံများ သည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကိုသာမက အလုပ်လုပ်ကိုင်နှုန်းကိုပါ သက်ရောက်နိုင်ပါကြောင်း ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် Mr. Danucha Pichayanan က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လူကုန်ကူးမှုပြဿနာကို ကြုံတွေ့နေရပြီး ၂၀၂၂ ကတည်းက ထုတ်ပြန်ထား သည့် အမေရိကန်လူကုန်ကူးမှု အစီရင်ခံတွင် အဆင့် ၂ ၌ ရှိနေသေးပါကြောင်း၊ အမေရိကန်အနေဖြင့် ထိုင်းနိုင်ငံကို ဦးတည်သည့် အထူးအစီအမံများ မဆောင်ရွက်သေးပါကြောင်း၊ ထိုင်းနိုင်ငံ၏ အမေရိကန် သို့ တင်ပို့ကုန်များမှာ ကွန်ပျူတာများ ပါဝင်သဖြင့် မည်သည့် အထူးအစီအမံများကောက်ခံမည်ကို စောင့်ကြည့်ရန်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းမှု အပါအဝင် သင့်လျော်သည့် တုန့် ပြန်ချက်များအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ၂၀၂၄ ခုနှစ် စတုတ္ထ (၃) လပတ်အတွင်း တစ်ဦးချင်းအလုပ်လုပ်ကိုင်သည့် ဦးရေ ၄၀.၁ သန်းဖြစ်ပြီး ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Mr. Danucha က ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းသို့ ကျဆင်းရခြင်းမှာ စိုက်ပျိုးရေးတွင် အလုပ်လုပ်ကိုင်မှု ကျဆင်းသောကြောင့်ဖြစ် ကြောင်း၊ ပို့ကုန်တိုးတက်လာသောကြောင့် စိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများဖြစ်သည့် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရုံလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်မှု ၁.၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း၊ အစားအစာ ထုတ်လုပ်မှု၊ အထည်ချုပ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ် ရေးတွင် အလုပ်လုပ်ကိုင်မှု ၀.၃ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ကွန်ပျူတာနှင့် အီလက်ထရောနစ် ထုတ်လုပ်ရေး၊ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးတို့တွင် အလုပ်လုပ်ကိုင်မှု ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ သို့ တိုးမြှင့်ပေးခဲ့သည့် အစိုးရ၏ မူဝါဒသည် လုပ်သားအရည် အသွေးနှင့်လည်း ချိန်ညှိသင့်ပါကြောင်း၊ ၂၀၂၄ ခုနှစ် တတိယ ၄ လပတ်ပါ အချက်အလက်များအရ အိမ်ထောင်စုကြွေးမြီသည် GDP ၏ ၈၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဘတ် ၁၆.၃ ထရီလီယံ ဖြစ်ပါ ကြောင်း၊ အိမ်ထောင်စုကြွေးမြီနှင့် GDP တို့သည် နှုန်းထားနည်းနည်းဖြင့် တိုးတက်လာမည်ဆိုပါက အိမ်ထောင်စုဝင်ငွေနှင့် အိမ်ထောင်စုများ၏ ကြွေးမြီပြန်လည်ပေးဆပ်နိုင်မှုတွင် အဟန့်အတားဖြစ်စေ မည်ဖြစ်ကြောင်း Mr. Danucha က သုံးသပ်ထားသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။