အမေရိကန်စီးပွားရေးတွင် စားသုံးသူများ၏အင်အားကို ဖော်ပြမှုအဖြစ် ၂၈-၂-၂၀၂၅ ရက်တွင် အရေးကြီးကုန်စည်များကို (၂၄)နာရီအတွင်း ဝယ်ယူမှုမပြုလုပ်ရေးအတွက် People’s Union USA အဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့ပါကြောင်း၊ အဆိုပါလှုပ်ရှားမှုသည် “စီးပွားရေးအရတွန်းလှန်မှု၊ အစိုးရ၏ တာဝန်ခံမှုနှင့် ကော်ပိုရိတ်လုပ်ငန်းများ၏ပြုပြင်ပြောင်းလဲမှု (Economic Resistance, government accountability, and corporate reform)”ကို တွန်းအားပေးရန်ဖြစ်ပြီး အားလုံးပါဝင်နိုင်သည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၂၈ ရက်သည် စီးပွားရေးအရတွန်းလှန်မှုကို စတင်သည့် ရက်ဖြစ်ပြီး ကော်ပိုရိတ်လုပ်ငန်းများနှင့်နိုင်ငံရေးသမားများအား အမေရိကန်နိုင်ငံ၏စီးပွားရေးကို စားသုံးသူများ၏အင်အားဖြင့် ထိန်းချုပ်နိုင်ကြောင်း ပြသခြင်းဖြစ်သည်ဟု လှုပ်ရှားမှုစတင်ရန်နှိုးဆော် သည့် People’s Union USA ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားကြောင်း၊ အဆိုပါလှုပ်ရှားမှုစတင်ခြင်း သည် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ၏ စရိတ်မြင့်မားလာ၍ဖြစ်ပြီး လှုပ်ရှားမှုတွင် ပါဝင်လိုသူ များသည် အသင့်စားအစားအသောက်များ၊ သဘာဝဓာတ်ငွေ့ သို့မဟုတ် လက်လီအရောင်းဆိုင်ကြီး များတွင် ဝယ်ယူခြင်းမပြုရန်ဖြစ်သော်လည်း အစားအသောက်၊ ဆေးဝါး သို့မဟုတ် အရေးပေါ် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူနိုင်ကြောင်း၊ စီးပွားရေးပိတ်သိမ်းခြင်း အစီအစဉ်သည် အထူးသဖြင့် ကော်ပိုရေးရှင်းကြီးများဖြစ်သော Walmart ၊ Amazon နှင့် Best Buy တို့ကို အဓိကထားသည့် လှုပ်ရှားမှုဖြစ်သော်လည်း ယေဘုယျအားဖြင့် ဈေးဝယ်ယူခြင်းမပြုလုပ်ရန် တိုက်တွန်းထားကြောင်း နှင့် ယင်းလှုပ်ရှားမှုတွင် အမေရိကန်စားသုံးသူ (၁၆) ရာခိုင်နှုန်းခန့် ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။