ဟောင်ကောင်ဒေသ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူရိုမှ ပုံမှန် ကျင်းပသည့် ပြပွဲများအတွက် ဆွဲဆောင်မှုအစီအစဉ် (ISRE) 2.0 ကို ဇန်နဝါရီလ နောက်ဆုံးပတ် တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရ၏ “Terms set for exhibition incentives” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ညီလာခံနှင့် ကုန်စည်ပြပွဲလုပ်ငန်းများမှ လက်ရှိဆွဲဆောင်မှုအစီအစဉ်ကို အားတက်သရော ထောက်ခံမှုနှင့်အတူ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ အုပ်ချုပ်ရေးမှူး၏ ၂၀၂၄ မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း ဒေသအစိုးရအနေဖြင့် ISRE 2.0 အကောင် အထည် ဖော်ဆောင်ရွက်ရန် ထပ်ဆောင်းဘတ်ဂျတ် ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ခွဲဝေချထားပေးသွား မည်ဖြစ်ပါသည်။
ဆွဲဆောင်မှုအစီအစဉ် 2.0 သည် ဟောင်ကောင်ဒေသ ညီလာခံနှင့် ကုန်စည်ပြပွဲ လုပ်ငန်း၏ တက်ကြွမှုကို မြှင့်တင်နိုင်ရန်အတွက် ပုံမှန်ကျင်းပသည့် နိုင်ငံတကာကုန်စည်ပြပွဲ အသစ်များ ပိုမို လာရောက်ပြသစေရန် ဆွဲဆောင်သွားရေး ရည်ရွယ်ထားပါသည်။ လက်ရှိ ISRE အစီအစဉ်ကဲ့သို့ ISRE 2.0 သည် သတ်မှတ်ထားသည့် နေရာများတွင် ပုဂ္ဂလိက ပွဲစီစဉ်သူများမှ ပြုလုပ်သော သတ်မှတ်ချက် နှင့်ကိုက်ညီသည့် ကုန်စည်ပြပွဲများအတွက် နေရာငှားရမ်းခအတွက်သာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
အစီအမံအသစ်များအရ ဟောင်ကောင်ဒေသခံမဟုတ်သည့် ပြသသူနှင့် ဝယ်ယူသူ ၁,၅၀၀ ကျော် ပါဝင်ရန် ဆွဲဆောင်နိုင်သည့် နိုင်ငံတကာကုန်စည်ပြပွဲများသာလျှင် အကျုံးဝင်မည်ဖြစ်ပါသည်။ ပြပွဲတစ်ခုအတွက် အမြင့်ဆုံး ထောက်ပံ့မည့်နှုန်းထားမှာ ဟောင်ကောင်ဒေါ်လာ ၁၀ သန်း သတ်မှတ် ထားကြောင်း၊ ပွဲစီစဉ်သူများအတွက် နေရာရွေးချယ်မှု ပိုမိုရရှိစေရန် ပြပွဲအတွက် သတ်မှတ်ထားသည့် နေရာများမှာ Central Harbourfront Event Space၊ West Kowloon Cultural District ၏ သတ်မှတ်ထားသည့် နေရာများ၊ the Convention & Exhibition Centre နှင့် AsiaWorld-Expo တို့ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဥပဒေပြုကောင်စီမှ ရန်ပုံငွေထောက်ပံ့ရေးအတွက် သဘောတူညီမှု အခြေအနေပေါ် မူတည်၍ ISRE 2.0 သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး၊ လက်ရှိ ISRE အစီအစဉ်မှာလည်း ထိုနေ့တွင်ပင် အဆုံးသတ်မည်ဖြစ်ကြောင်း၊ ISRE 2.0 လျှောက်ထားမှု လမ်းညွှန်ချက်ကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး၊ ဇွန်လ ၃၀ ရက်အထိ စတင်မည့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ပြပွဲများအနေဖြင့် လက်ရှိ ISRE အစီ အစဉ်အောက်မှ ထောက်ပံ့မှုကို လျှောက် ထား နိုင်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။