အမေရိကန်နိုင်ငံ၏ သံမဏိထုတ်လုပ်သည့်စက်မှုလုပ်ငန်းများက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့အပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမည့်ကိစ္စကို အားပေးထောက်ခံလျက်ရှိပြီး ဒေါ်နယ်ထရမ့်အဆိုပြုသည့်အကောက်ခွန်နှုန်းထားထက် ပိုမို၍တိုးမြှင့် ကောက်ခံစေလိုကြကြောင်းလည်း သိရှိရပါသည်။
အမေရိကန်နိုင်ငံ၏ အကြီးဆုံးသံမဏိထုတ်လုပ်သည့်ကုမ္ပဏီSteel Dynamics နှင့် Nucor တို့ပါဝင်သော သံမဏိထုတ်လုပ်သူများအသင်း (Steel Manufacturers Association)က ဗြိတိန်၊ ဥရောပသမဂ နှင့် ဂျပန်နိုင်ငံတို့မှ သံမဏိသွင်းကုန်များကိုလည်း အကောက်ခွန် ပြန်၍ကောက်ခံစေ လိုကြောင်း၊ ယင်းနိုင်ငံများမှတင်သွင်းသည့်သံမဏိသွင်းကုန်များကို ၂၀၁၈ ခုနှစ် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း အကောက်ခွန်သတ်မှတ်ကောက်ခံခဲ့သော်လည်း သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် ယင်းနိုင်ငံများမှ သံမဏိသွင်းကုန်အချို့ကို အကောက်ခွန်ကင်းလွတ်ခွင့်ပြု ခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်သံမဏိထုတ်လုပ်သည့်ကုမ္ပဏီများမှ အမှုဆောင်အရာရှိများက ၂၀၁၈ ခုနှစ်၊ သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်သတ်မှတ်ကောက်ခံမှုကို ထောက်ခံခဲ့ကြပြီး ယင်းသို့သတ်မှတ် ကောက်ခံခြင်းကြောင့် အမေရိကန်နိုင်ငံရှိ သံမဏိဈေးနှုန်းများမြင့်တက်ကာ အကျိုးအမြတ်များရရှိခဲ့ ပြီး အလုပ်သမားများကိုလည်း လုပ်ခလစာလည်း တိုးပေးနိုင်ခဲ့သည်ဟု ၎င်းတို့ကဆိုကြောင်း၊ လွန်ခဲ့သောနှစ်များအတွင်း ယင်းသံမဏိကုမ္ပဏီများသည် စက်ရုံသစ်များဖွင့်လှစ်ခြင်းနှင့် လုပ်ငန်းများ တိုးချဲ့နိုင်ခဲ့ပြီး သံမဏိထုတ်လုပ်မှုလည်း တိုးလာခဲ့ကြောင်း၊ သံမဏိသွင်းကုန်များကို အကောက်ခွန် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းကြောင့် ပြည်တွင်းသံမဏိထုတ်ကုန်များ၏ ဈေးနှုန်းကို နိုင်ငံခြားသွင်းကုန်များ ၏ဈေးနှုန်းအတိုင်း တိုးမြှင့်နိုင်ခဲ့ကြောင်း၊ နိုင်ငံခြားသံမဏိသွင်းကုန်များသည် သက်ဆိုင်ရာနိုင်ငံ အစိုးရ၏အထောက်အပံ့ရယူလျက် အမေရိကန်ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဝင်ရောက် လာခဲ့သဖြင့် ပြည်တွင်းသံမဏိထုတ်လုပ်သူများမှာ ခြိမ်းခြောက်မှုများနှင့်ကြုံတွေ့လျက်ရှိသည်ဟု သံမဏိထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ Mr. Philip Bell က ဆိုကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်၏ ၂၀၁၈ ခုနှစ် သံမဏိသွင်းကုန်များအပေါ်အကောက်ခွန်နှုန်းသတ်မှတ်ရာတွင် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ သံမဏိသွင်းကုန်များကို (၂၅) ရာခိုင်နှုန်းကောက်ခံခဲ့သော်လည်း အမေရိကန်-မက္ကဆီကို-ကနေဒါကုန်သွယ်ရေးသဘောတူညီချက် (United States-Mexico-Canada Agreement, USMCA)အရ ၂၀၁၉ ခုနှစ်တွင် ဖြေလျော့ပေးခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသည် သံမဏိဈေးနှုန်းအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွန်ခဲ့သောလများအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍနှေးကွေးခဲ့သဖြင့် သံမဏိဝယ်လိုအားကျဆင်းခဲ့ရာ ဈေးနှုန်းများလည်း ကျဆင်းခဲ့ပါ ကြောင်း၊ သံမဏိထုတ်လုပ်သည့်လုပ်ငန်းများက တရုတ်နိုင်ငံမှသံမဏိများသည် မက္ကဆီကိုနိုင်ငံ မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ အကောက်ခွန်နှုန်းသက်သာစွာဖြင့် ဝင်ရောက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ၏သံမဏိဈေးကွက်ကို ထိခိုက်စေသည်ဟု ပြောဆိုခဲ့ကြရာ သမ္မတဂျိုးဘိုင်ဒင်အစိုးရ သည် တရုတ်နိုင်ငံ၏သံမဏိကို အသုံးပြုထားသည့် မက္ကဆီကိုနိုင်ငံ၏ သံမဏိသွင်းကုန်များကို အကောက်ခွန်သတ်မှတ်ကောက်ခံခဲ့ကြောင်းနှင့် မက္ကဆီကိုနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန် နိုင်ငံသို့ သံမဏိပို့ကုန်တန်ချိန် (၄.၂) သန်းဖြင့် ဒုတိယအများဆုံး သံမဏိတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သံမဏိအများဆုံးတင်ပို့သည့်နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံသံမဏိထုတ်လုပ်သူများအသင်းက ကနေဒါနိုင်ငံမှ သံမဏိသွင်းကုန်များကိုလည်း အနီးကပ်စောင့်ကြည့်သင့်သည်ဟု ပြောဆိုခဲ့ကြသော်လည်း အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံ ရန် တောင်းဆိုမှုအစား ကနေဒါနိုင်ငံတွင် သံရည်ကျိုပြီးသည့်သံမဏိများကိုသာ အကောက်ခွန် ကင်းလွတ်ခွင့်ပြုခြင်းကို ဥပဒေအရ တင်းကျပ်စွာဆောင်ရွက်သင့်သည်ဟု အကြံပြုခဲ့ကြကြောင်း၊ ထို့အပြင် ၎င်းတို့က တရုတ်နိုင်ငံမှ သံမဏိသုံးပစ္စည်းများကိုလည်း အကောက်ခွန် (၆၀)ရာခိုင်နှုန်း အထိ တိုးမြှင့်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် အကောက်ခွန်နှုန်းကို ရှောင်ရှားရန်အတွက် ဗီယက်နမ်၊ ထိုင်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် စက်မှုလုပ်ငန်းများလည်ပတ်လျက်ရှိရာ ယင်းလုပ်ငန်း များကိုလည်း တိုးမြှင့်ကောက်ခံသင့်ကြောင်း ဖော်ပြခဲ့ပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။