အိန္ဒိယနိုင်ငံသည် စိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းမွန်စေရန် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank -ADB) မှ ချေးငွေ ကန်ဒေါ်လာ ၉၈ သန်း ချေးယူရန် သဘောတူညီမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက နိုဝင်ဘာလ ၃၀ ရက်က ဖော်ပြသည်။
အထွက်နှုန်းတိုး၊ အရည်အသွေးကောင်းမွန်ပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံများကို မြှင့်တင်မည့် ပိုးမွှားရောဂါကင်းစင်သော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများဆိုင်ရာ စနစ်တစ်ရပ် ထူထောင်ရန် အဆိုပါချေးငွေအား သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီး ဌာနက နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
“အိန္ဒိယနိုင်ငံ၏ သန့်ရှင်းသော အပင်များ တည်ဆောက်ခြင်းအစီအစဉ်” ("Building India's Clean Plant Programme")၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော အဆိုပါ ချေးငွေဆိုင်ရာ သဘောတူချက်ကို အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန် Juhi Mukherjee နှင့် ADB အိန္ဒိယဌာနေအဖွဲ့အစည်း (India Resident Mission) ၏ တာဝန်ခံအရာရှိ Kai Wei Yeo တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အပင်ကျန်းမာရေးသည် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်နိုင်စွမ်းတိုးတက်ရန် အရေးပါ ကြောင်း Mukherje က အလေးပေးပြောကြားခဲ့သည်။ “ADB ကရရှိလာတဲ့ ရန်ပုံငွေက တောင်သူ လယ်သမားများရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းတိုးတက်ဖို့ အရေးပါတဲ့ အပင်ကျန်းမာရေးကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်။” ဟု ၎င်းမှ ပြောကြားခဲ့သည်။ ယခုစီမံကိန်းသည် အပင်ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှုကို အဓိကထားသည့် အိန္ဒိယအစိုးရ၏ Atmanirbhar Clean Plant Programme (CPP) နှင့် လိုက်လျောညီထွေရှိကြောင်း Yeo မှ အထူး အလေးပေးပြောကြားခဲ့သည်။
“အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော CPP အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူပေါင်နှင့် အဖွဲ့အစည်းစနစ်များ ဖွံ့ဖြိုး တိုးတက်လာအောင် ယခုစီမံကိန်းက အကူအညီပေးမှာဖြစ်ပါတယ်။ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များ၊ ပြည်နယ်အစိုးရများနှင့် တောင်သူလယ်သမားအသင်းအဖွဲ့များက အဆိုပါ စီမံကိန်း အောင်မြင်မှုရရှိအောင် အတူတကွပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းသည် အပင်ရောဂါကုသရေးဆိုင်ရာ အဆင့်မြင့် ဓါတ်ခွဲခန်းများ၊ လေ့ကျင့်ထား သော ကျွမ်းကျင်ပညာရှင် ပါဝင်သည့် သန့်ရှင်းသော အပင်ဆိုင်ရာ ဗဟိုဌာနများကို ထူထောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့သည်။ အဆိုပါ ဗဟိုဌာနများ သည် ရောဂါကင်းစင်သော အခြေခံအုတ်မြစ်ပစ္စည်းများကို ထိန်းသိမ်းကာ သန့်ရှင်းသောအပင်ဆိုင်ရာ လက်မှတ်များထုတ်ပေးသော အစီအစဉ်တစ်ရပ်အား ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အသိအမှတ်ပြု ထားသော ပုဂ္ဂလိကအဖွဲ့အစည်းများကိုလည်း တောင်သူလယ်သမားအနေဖြင့် အရည်အသွေးမြင့်မား သော စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ရရှိနိုင်ခြင်းရှိမရှိ စစ်ဆေးအတည်ပြုပြီး၊ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် တောင်သူလယ်သမားများကို သီးနှံအထွက်နှုန်းတိုးမြှင့်ပေးယုံသာမက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် ရောဂါပိုးမွှားများတိုးမြင့်လာသည့်အတွက် ရောဂါ ကင်းစင်သော ပစ္စည်းကိရိယာများက ရေရှည်ခံနိုင်ရည်ရှိမှုကို အထောက်အကူပြုသွားမည်ဟု သိရသည်။
အိန္ဒိယစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားဖူလုံရေးဝန်ကြီးဌာနသည် အမျိုးသားစိုက်ပျိုးရေး ဘုတ်အဖွဲ့ (National Horticulture Board) နှင့် အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ (Indian Council of Agricultural Research) တို့နှင့် ပူးပေါင်း၍ အဆိုပါ စီမံကိန်းအကောင်အထည်ဖေါ် ဆောင်ရွက်ရေးကို စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံသည် စိုက်ပျိုးသီးနှံအထွက်နှုန်းကောင်းမွန်စေရန် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank -ADB) မှ ချေးငွေ ကန်ဒေါ်လာ ၉၈ သန်း ချေးယူမည့်အကြောင်းနှင့် နိုင်ငံ၏ သန့်ရှင်းသောအပင်များ တည်ဆောက်ခြင်းအစီအစဉ် (Building India's Clean Plant Programme) ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူလယ်သမားများအကြား ပူး ပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Source: The Hindu Businessline, India signs $98 million loan agreement with Asian Development Bank to boost horticulture productivity, November 30, 2024
စီးပွားရေးသံမှူး၊ ကောလ်ကတ္တား။