India (Kolkata)

အိန္ဒိယလျှပ်စစ်သုံးမော်တော်ယာဉ်ဈေးကွက်တွင် ဒေလီ ထိပ်ဆုံးမှရပ်တည်လျက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် လျှပ်စစ်သုံးမော်တော်ယာဉ်အသုံးပြုမှု တိုးတက်လျက်ရှိပြီး ဒေလီ (Delhi) သည် စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် ထိုးဖေါက်အသုံးပြုမှုနှုန်း (EV penetration rate) ၏ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း FICCI-Yes ဘဏ်၏ အစီရင်ခံစာအရ သိရသည်။ ၎င်းနောက်တွင် Kerala ပြည်နယ်က ၁၁ ဒသမ ၁ ရာခိုင်နှုန်း၊ အာသံပြည်နယ်က ၁၀ ရာခိုင်နှုန်းဖြင့် အသီး သီးရပ်တည်လျက်ရှိကာ ဘီးနှစ်လုံးတပ် လျှပ်စစ်သုံးယာဉ်နှင့် ဘီးသုံးလုံးတပ် လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှု သိသိသာသာတိုးတက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၄ ဘဏ္ဍာနှစ် အတွင်း Gujarat၊ Odisha၊ Kerala နှင့် Punjab ပြည်နယ်တို့တွင် နှစ်အလိုက် လျှပ်စစ်သုံးမော်တော်ယာဉ် ရောင်းချရမှုနှုန်း (compound annual growth rates- CAGR) အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၂၄ ဘဏ္ဍာနှစ်၏ လျှပ်စစ်သုံးမော်တော်ယာဉ်အသုံးပြုမှုစုစုပေါင်း၏ ထက်ဝက်ကျော်အသုံးလျက်ရှိသော ပြည်နယ် ၅ ခုအမည်ကိုဖော်ပြခဲ့ပြီး၊ လွန်ခဲ့သော ၄ နှစ်တာကာလ အတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ လျှပ်စစ်သုံးမော်တော်ယာဉ် ရောင်းချရမှု ပိုမိုညီမျှမှုရှိလာကြောင်း ဖော်ပြ ထားသည်။ နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော ဖန်လုံအိမ်ဓါတ်ငွေ့ အသားတင်ထုတ်လွှတ်မှု သုညအဆင့်သို့ လျှော့ချရေးရည်မှန်းချက်များ (net-zero emissions targets) ကို ပြည့်မှီရန် ပြည်နယ်များအနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ လျှပ်စစ်သုံးမော်တော်ယာဉ်များ ပြောင်းလဲအသုံးပြုကြရန် အရေးကြီးကြောင်း သိရသည်။

အဆိုပါ အမျိုးသားရေး ရည်မှန်းချက်များ ပြည့်မှီစေရန် လက်ရှိ လျှပ်စစ်သုံးမော်တော်ယာဉ် အသုံးပြုမှုနှုန်းကို နှစ်ဆမြှင့်တင်ရန်နှင့် ၂၀၃၀ ပြည့်နှစ်အထိ ပြည်နယ်အလိုက်လျှပ်စစ်သုံး မော်တော်ယာဉ်အသုံးပြုမှုဆိုင်ရာ မူဝါဒများကို ပြင်ဆင်သတ်မှတ်သွားရန်လိုအပ် ကြောင်း အဆိုပါ အစီရင်ခံစာမှ တိုက်တွန်းထားသည်။ ထို့အပြင် အများပြည်သူသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် လျှပ်စစ်သုံးမော်တော်ယာဉ်အသုံးပြုမှု တိုးမြှင့်သွားရန် မဖြစ်မနေ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများစုတွင် လျှပ်စစ်သုံးမော်တော်ယာဉ်ဆိုင်ရာ မူဝါဒများမှာ သက်တမ်း ကုန်ဆုံး လုနီးပါးဖြစ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်နှင့် အသုံးပြုမှုတိုးတက်စေရန် တည်ငြိမ်၍ ရေရှည်တည်တံ့သော မူဝါဒဆိုင်ရာ မူပေါင်များချမှတ်လုပ်ဆောင်ရန် လိုကြောင်း ဖော်ပြထား သည်။ လျှပ်စစ်သုံးမော်တော်ယာဉ်ကဏ္ဍတိုးတက်ရေးနှင့် ဓါတ်အားပြန်လည်သွင်းယူနိုင်သည့် အခြေခံ အဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကြေးရရှိမှုကို ပြည်နယ် များမှ ထောက်ပံ့ကူညီပေးရန်လည်း အစီရင်ခံစာမှ တောင်းဆိုထားကြောင်း သိသည်။

 

Source:      The Trade Promotion Council of India, Delhi tops India’s growing EV market, report reveals, December 5, 2024

စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့။

Category: India (Kolkata)