အိန္ဒိယ၏ တရုတ်နိုင်ငံမှ သံမဏိအချောထည်များအား တင်သွင်းမှုသည် လက်ရှိဘဏ္ဍာ ရေးနှစ်ဧပြီလမှစပြီး ပထမခုနစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း အစိုးရ၏ယာယီ အချက်အလက်များကို Reuters မှ ပြန်လည်သုံးသပ်သည့် အစီရင်ခံစာတွင်ဖော်ပြခဲ့ရာ အိန္ဒိယ အသေးစားသံမဏိထုတ်လုပ်သူ ရာနှင့်ချီက တုန်လှုပ်ခြောက်ခြားသွားခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့အကြီးဆုံးသံမဏိထုတ်လုပ်သည့် တရုတ်နိုင်ငံသည် ဧပြီလမှ အောက်တိုဘာလ အတွင်း အိန္ဒိယသို့ သံမဏိအချောထည် တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၅.၄ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းအချက်အလက်များအရ သိရသည်။
ဤအခြေအနေသည် စီးပွားရေးတိုးတက်မှုနှင့် အခြေခံအဆောက်အဦများအတွက် အစိုးရ မှသုံးစွဲငွေများစွာ ခွင့်ပြုဆောင်ရွက်လျက်ရှိသောကြောင့် သံမဏိလုပ်ငန်းအတွက် ဝယ်လိုအား မြင့်မားစွာရှိသော်လည်း တရုတ်မှစျေးနှုန်းသက်သာသည့် သွင်းကုန်များနှင့် ဒေသတွင်း ဈေးနှုန်း ကျဆင်းမှုကြောင့် အိန္ဒိယသံမဏိထုတ်လုပ်သူများ၏ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားမှု ဖြစ် စေကြောင်းသိရှိရသည်။
ကမ္ဘာ့အကြီးဆုံးသံမဏိထုတ်လုပ်သည့် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ သံမဏိပစ္စည်း များ ၊ သွပ်ပြားများနှင့် လျှပ်စစ်ပြားများကို အများစု တင်ပို့ရောင်းချခဲ့ကြောင်း အချက်အလက်များ အရ သိရသည်။
အိန္ဒိယ၏ အလုံးစုံသော သံမဏိအချောထည်ပစ္စည်း တင်သွင်းမှုသည် ခုနစ်နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ယခုနှစ်ဧပြီလမှ အောက်တိုဘာလအတွင်း မက်ထရစ်တန်ချိန် ၅.၇ သန်းအထိ တင်သွင်းမှု မြင့်တက်လာခဲ့သည်။
ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ သံမဏိအချောထည် တင်သွင်းမှုသည်လည်း ယင်းကာလ အတွင်း နှစ်ဆကျော်တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရပြီး တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ဧပြီလမှ အောက်တိုဘာလအတွင်း သံမဏိအချောထည်တင်ပို့မှုသည် အိန္ဒိယနိုင်ငံ၏ စုစုပေါင်း တင်သွင်းမှု၏ ၇၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ သံမဏိဝန်ကြီးဌာနသည် စျေးပေါသော တရုတ်သွင်းကုန်များကို တားဆီးရန်အတွက် သံပြားထုတ်ကုန်များအပေါ် အကာအကွယ်ပေးသည့် အခွန် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ယာယီအခွန်ကို ကောက်ခံခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိကုန်ကြမ်းထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည် ၂၀၂၄ ဘဏ္ဍာနှစ်ကတည်းက သတ္တုစပ် အသားတင်တင်သွင်းသူဖြစ်လာခဲ့ကြောင်း၊ သို့ရာတွင် သံမဏိ အချောထည်သုံးစွဲမှုမှာလည်းမြှင့်မားလာပြီး ဧပြီလမှ အောက်တိုဘာလအတွင်း သံမဏိအချော ထည် တင်သွင်းမှုသည် (၇) နှစ်တာ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ကြောင်း သိရှိရ သည်။
အိန္ဒိယ၏ သံမဏိအချောထည် တင်ပို့မှုသည် ဧပြီလမှ အောက်တိုဘာလအတွင်း ၂၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အီတလီသည် အိန္ဒိယ၏ သံမဏိကို အများဆုံး ဝယ်ယူသူဖြစ်လာခဲ့ ကြောင်း၊ ဧပြီလမှ အောက်တိုဘာလအတွင်း ဗြိတိန်သို့ တင်ပို့မှုမှာ ၁၅ ရာခိုင်နှုန်းနီးပါး ခုန်တက် သွားကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
Source: India’s steel imports from China hit record high, latest data shows, The Economic Times, 5 December, 2024.
စီးပွားရေးသံမှူး၊ နယူးဒေလီမြို့