Thailand

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြား တိုးတက်မှု ရှိနိုင်ကြောင်း Thai National Shippers’ Council (TNSC) က ခန့်မှန်းထားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၁ ရာခိုင် နှုန်းမှ ၃ ရာခိုင်နှုန်းအကြား ရှိနိုင်ကြောင်း Thai National Shippers’ Council (TNSC) က ခန့်မှန်းထား ခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်သည် ကနဦး ခန့်မှန်းချက် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း ထက် ကျော်လွန်မြင့်တက်နိုင်ကြောင်း၊ အဓိက အချက်မှာ ပထမ ၁၀ လအတွင်း ပို့ကုန်သည် ခိုင်မာနေ ခဲ့ပြီး ၄.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ယခုနှစ် ကျန် ၂ လအတွင်း ပို့ကုန်သည် မှန်းထားသည်ထက် ကျော်လွန်နိုင်သည်ကို ယုံကြည်မှုရှိကြောင်း၊ သို့သော် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၊ ထုတ်လုပ်မှု နှေးကွေးနေမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်အကျဖြစ်မှုနှင့် သင်္ဘောတင်ပို့ စရိတ်များအပါအဝင် သိသာသော ဆုံးရှုံးနိုင်ခြေများရှိနေပါကြောင်း၊ ပထဝီဝင်နိုင်ငံရေးတွင် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်နေသော ကုန်သွယ်ရေးမိတ်ဖက်များကို ထိခိုက်နိုင်သည့် မူဝါဒများ၊ လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း ပဋိပက္ခများနှင့် ရုရှား-ယူကရိန်းပဋိပက္ခများ ပါဝင်ကြောင်း ကောင်စီဥက္ကဋ္ဌ Mr. Chaichan Charoensuk  က ပြောကြားခဲ့ပါသည်။

ပိတ်ရက်ကာလအတွက် ကာလတို ဝယ်လိုအားနှင့် အီလက်ထရောနစ်ပစ္စည်းများအတွက် အတက်လမ်းကြောင်းရှိသော်လည်း အဓိကဈေးကွက်များရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်‌ နှေးကွေး နေပါကြောင်း၊  အမေရိကန် Federal Reserve ၏ အတိုးနှုန်းမူဝါဒ၊ ငွေကြေးဖောင်းပွမှုနှုန်း ဖိအား များနှင့် အမေရိကန်ကုန်သွယ်ရေးမူဝါဒများတွင် မသေချာမှုများရှိနေသောကြောင့် ဘတ်ငွေအတက် အကျဖြစ်မှုကို စောင့်ကြည့်ရန်လိုအပ်ပါကြောင်း၊ အဓိက သင်္ဘောလမ်းကြောင်းများရှိ တင်ပို့စရိတ်များ ကျဆင်းနေသော်လည်း အထွေထွေကုန်ကျစရိတ်များမြင့်တက်နေမှုကြောင့် ချိန်ညှိမှုများ ဆောင်ရွက် ရသဖြင့် အတက်အကျဖြစ်နေသေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ၏ European Union Deforestation Regulation ကို ၂၀၂၆ သို့ ရွှေ့ဆိုင်းလိုက် ခြင်းသည် ရာဘာပို့ကုန်လုပ်ငန်းရှင်များကို ထိခိုက်စေခဲ့ပြီး အိန္ဒိယ၏ ဆန်တင်ပို့မှု ပြန်လည်စတင်ခြင်း ကြောင့် ထိုင်းသင်္ဘောလုပ်ငန်းရှင်များကို ထိခိုက်မှုရှိခဲ့ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များကို အထောက် အကူပြုရန်အတွက် ထိုင်းအစိုးရနှင့် ဆက်စပ်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှု ဆုံးရှုံး နိုင်ခြေများနှင့် ငွေပေးချေမှုဆိုင်ရာ အကာအကွယ်ပေးရေးအတွက် အာမခံအပါအဝင် ပို့ကုန်နှင့်ဆက် စပ်သော ကုန်ကျစရိတ်များလျှော့ချစေရေး အစီအမံများ ဆောင်ရွက်သင့်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင် ရေး လုပ်ငန်းစဉ်များကို ပထမနှင့် ဒုတိယဈေးကွက်များတွင် ဆောင်ရွက်သွားနိုင်ရေး ဘဏ္ဍာငွေ ပိုမို လျာထားရန်၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များ ညှိနှိုင်းမှုများကို လက်ရှိမူဘောင် များအတွင်း ဆောင်ရွက်ရန်နှင့် အလားအလာရှိသော ဈေးကွက်သစ်များတွင် အခွင့်အလမ်းများ ရှာဖွေ ပေးရန်  ကောင်စီဥက္ကဋ္ဌ Mr. Chaichan က အကြံပြုထားပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့။

Category: Thailand