Thailand

ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား ကဏ္ဍများစွာတွင် ပိုမိုလေးနက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့

Last Updated:

ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ပိုမိုလေးနက်စွာ ပူးပေါင်း ဆက်ဆံနိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ လက် မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ အစိုးရအိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲတွင် ထိုင်းနိုင်ငံ ဝန်ကြီး ချုပ် Mr. Srettha Thavisin နှင့် ဘူတန်ဝန်ကြီးချုပ် Mr. Dasho Tshering Tobgay တို့က အသိသက် သေများအဖြစ်  ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆေးဘက်ဆိုင်ရာ ဆရာ/ဆရာမများ အပြန်အလှန် စေလွှတ် နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက်ဆိုင်ရာ ဦးစီးဌာနနှင့် ဘူတန် နိုင်ငံ၊ Khesar Gyalpo ဆေးတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ ၁ စောင်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ ၁ စောင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ထိုင်း-ဘူတန်သံတမန်ဆက်ဆံရေး ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘူတန်ဝန်ကြီးချုပ်၏ ခရီးစဉ်ဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

နှစ်ဖက်ဝန်ကြီးချုပ်များသည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်း ရေးကို အရှိန်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးဆက်ဆံမှုများကို နီးနီးကပ်ကပ် ဆောင်ရွက်သွား ရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ ကုန်သွယ်မှုပမာဏကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂၀ သန်း တိုးတက် နိုင်ရန် ဦးတည်ထားချက်အတိုင်း‌ ဆောင်ရွက်လိုကြပါကြောင်း၊ ဝန်ကြီးချုပ် Mr. Srettha Thavisin က ဘူတန်၏ Gelephu Mindfulness City (GMC) ကို စိတ်ဝင်စားလျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ရှာဖွေလိုကြောင်း၊ နှစ်နိုင်ငံတွင် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး မတူညီသည့် သဘာဝအလှတရားများကြောင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ကျေနပ်ဖွယ်ဖြစ် ကြောင်း Mr. Chai က ပြောကြားခဲ့သည်။

ပညာရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံ ကျောင်းသားများ အပြန် အလှန်စေလွှတ်ခြင်းဖြင့် နားလည်မှုတိုးမြင့်စေနိုင်ပြီး မျိုးဆက်သစ်များအကြား ရှည်ကြာသော မိတ်ဖက်ဆက်ဆံရေးဖြစ်စေမည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက် မှုကြောင့် ရေအားလျှပ်စစ်အပါအဝင် စွမ်းအင်လုံခြုံမှုအကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ချိတ်ဆက်မှုအတွက် BIMSTEC ၏ အရေးပါပုံကိုလည်း နှစ်နိုင်ငံလုံးက သတိမူမိပါ ကြောင်း Mr. Chai က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand