Thailand

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား စတုတ္ထအကြိမ်မြောက် လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား စတုတ္ထအကြိမ်မြောက် လွတ်လပ်သော ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် တတိယအကြိမ် မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ စာချုပ်အတွက် ခြုံငုံဆွေးနွေးခဲ့ကြပြီး အုပ်စု ၂၀ ခု၏ ညှိနှိုင်းဆွေးနွေးမှုများ ပါဝင်ပါကြောင်း၊ အချက်အလက်နှင့် အမြင်ဖလှယ်ရေးအပါအဝင် လာမည့် လုပ်ငန်းစဉ်များအတွက် အချိန်ကာလသတ်မှတ်ခဲ့ပါကြောင်း၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန အနေ ဖြင့် ပါဝင်သူအားလုံးကို ဖိတ်ကြားရန် စီစဉ်ထားပြီး ညှိနှိုင်းမှု၏ တိုးတက်မှုအခြေအနေနှင့် လာမည့် ညှိနှိုင်းအစည်းအဝေးများအတွက် အစီအစဉ်များ၏ နောက်ဆုံးအခြေအနေများကို တင်ပြသွားရန် ရှိပါ ကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံဖြင့် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးရှိသော ဥရောပသမဂ္ဂဈေးကွက်သို့ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုအခွင့်အလမ်းများ တိုးမြှင့်ရန်ရွယ်၍ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ထိုင်း-ဥရောပ သမဂ္ဂ FTA ကို ဦးစားပေးသကဲ့သို့ ဥရောပသမဂ္ဂနှင့် အခြားသော ဒေသများမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လိုပါကြောင်း၊ ခက်ခဲနေပြီး ရှင်းလင်းရန်လိုအပ်နေသော ပြဿနာများမှာ အစိုးရဝယ်ယူရေး၊ ယှဉ်ပြိုင်မှုနှင့် အထောက်အပံ့များ၊ ကုန်သွယ်ရေး၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများပင်ဖြစ်ကြောင်း၊ လာမည့် အစည်းအဝေးတွင် အဆိုပါ ပြဿနာများအပေါ် ဦး တည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂသည် အာဆီယံ၊ တရုတ်၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ပြီးပါက ထိုင်းနိုင်ငံ၏ ပဥ္စမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄၁.၆ ဘီလီယံရှိခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံရှိပြီး ၃.၇၅ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၀.၉၂ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အစားအစာနှင့် ပြုပြင်ပြီးအစားအစာ၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ အထည်ချုပ်၊ လျှပ်စစ်ပစ္စည်းများ၊ ရာဘာလက်အိတ်များ၊ မျက်မှန်သုံးမှန်ဘီလူး များ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများသည် ထိုင်း-ဥရောပသမဂ္ဂ FTA မှ အကျိုးကျေးဇူးများစွာ ခံစားရမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand