Events
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် “The 5th China International Import Expo (CIIE)” ကုန်စည်ပြပွဲ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ပါဝင်ပြသလျက်ရှိ
Updated At: 2022-11-08 12:27:01

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “The 5th China International Import Expo (CIIE)” ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်း၊ ဘေကျင်းမြို့စံတော်ချိန် (၂၀:၀၀) နာရီအချိန် တွင် Online/ Offline ဖြင့်ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက်၍ ဗွီဒီယိုဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ယခုနှစ်ကျင်းပသည့် “The 5th China International Import Expo (CIIE)” ကုန်စည် ပြပွဲကို ပြပွဲ“Theme” ဖြစ်သည့် “မျှဝေထားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမှုကို လှုံ့ဆော်ခြင်း” ဆောင်ပုဒ်နှင့်အညီ ကျင်းပ ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဆိုပါကုန်စည်ပြပွဲကို ပထမအကြိမ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း ပါဝင်ပြသနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၁၄၅)နိုင်ငံမှ ပါဝင်ပြသခဲ့ပါသည်။
အဆိုပါ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ဆက်ဆံမှုများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး စည်ပင်ဝပြောမှုရှိစေရေးတို့ကိုလည်း တိုးမြှင့်စေနိုင်မည်ဖြစ် ပါသည်။