Events
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ မှတဆင့် မွန်ပြည်နယ်၏ စီးပွားရေးအခွင့်အလမ်း များကို ထောက်ပံ့ပေးနိုင်မည့် Regional Consultation ကျင်းပပြုလုပ်ခြင်း
Updated At: 2020-03-06 11:25:54
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Royal Hinthar Hotel ၌ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင် အထောက်အကူပြု နိုင်ရန်အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025 Regional Consultation) ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများ၊ ဒေသခံအစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ဒေသခံပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပို့ကုန်လုပ်ငန်းရှင်များ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းက အမျိုးသားပို့ကုန်မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းစဉ်များနှင့် မွန်ပြည်နယ်မှ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ကဏ္ဍများအလိုက် ထည့်သွင်းပါဝင်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်မှ ဆောင်ရွက်နိုင်မည့်ကဏ္ဍများအဖြစ် ရော်ဘာလုပ်ငန်းကဏ္ဍ၊ ရေထွက်ကုန် လုပ်ငန်းကဏ္ဍနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍများမှ ရရှိလာနိုင်သော ပို့ကုန်ဆိုင်ရာ အခွင့်အရေးများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးရရှိချက်များအား အမျိုးသားပို့ကုန်မဟာဗျူဟာ၏ မဟာဗျူဟာစာတမ်း (Strategy Documents) များတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲများကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်သည် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဦးစားပေးကဏ္ဍများအတွက် မဟာဗျူဟာများရေးဆွဲရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသခံအကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ၏ အမြင်များကို ထည့်သွင်း ရေးဆွဲသွားရန်ဖြစ်ပါသည်။ အလားတူ ညှိနှိုင်းဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပြီး ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့နှင့် ထားဝယ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့များတွင်လည်း ထပ်မံ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
NES Unit
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025