Events
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကျင်းပ
Updated At: 2025-05-30 14:46:44
(၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ (၃၀) ရက် ၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။
ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားတွင် အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး မစ္စတာ ကျမ်းကျစ်ဟုန် တို့က အဖွင့်နှုတ်ခွန်းဆက် စကားများ ပြောကြား ခဲ့ပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲ ဗီဒီယိုအားဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့နောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လျှန်ရိကွမ်း က (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြဟန်မှ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များအနေဖြင့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် TGT Tea Co.,Ltd မှ Managing Director ဦးမောင်လွင်မှ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။
အဆိုပါ ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၊ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀) ဦး ခန့် တက်ရောက်ခဲ့ပါသည်။
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
More Events
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ