Events
အမျိုးသားပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၀၂၅ကဏ္ဍအလိုက်ပို့ကုန်မြှင့်တင်ရေးအစီအစဉ်များဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း
Updated At: 2020-12-15 21:50:22
အမျိုးသားပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၀၂၅ကဏ္ဍအလိုက်ပို့ကုန်မြှင့်တင်ရေးအစီအစဉ်များဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း
အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြု ကဏ္ဍများအလိုက် ပို့ကုန်မြှင့်တင်ရေး အစီအစဉ်များဆိုင်ရာ ဆွေးနွေးပွဲကိုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်၍ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် ရန်ကုန်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၌ဆွေးနွေးကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန်က အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ မျှော်မှန်းချက်၊ ဦးတည်ချက်များနှင့် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍများ စုစုပေါင်း (၁၈) ခုအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကျင်းပသော အစိုးရ အဖွဲ့အစည်းအဝေးမှ အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ကဏ္ဍအလိုက်ကော်မတီ ဖွဲ့စည်းမှု များအား ကောင်းခိုင်မာရန် လိုအပ်ကြောင်း၊ လက်ရှိကဏ္ဍများ၏ တစ်နှစ်အတွင်း ပို့ကုန်မြှင့်တင်ရေး အစီအစဉ်များ ချမှတ်ရန် လိုအပ်ကြောင်း၊ အမှန်တကယ် လက်တွေ့ ဖြေရှင်းဆောင်ရွက်သင့်သည့် အချက်များထွက်ပေါ်လာရန် လိုအပ်ကြောင်း၊ စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တိုးတက်ရေး ဘုတ်အဖွဲ့ကိုလည်း တည်ထောင်သွားရန်ရှိကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များကို အားပေးမြှင့်တင်သည့် အနေဖြင့် Exporters Club ကိုလည်း ဖွဲ့စည်းထားရှိကြောင်း စသည်ဖြင့် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အစီအစဉ်အရ ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ ကဏ္ဍအလိုက် ပို့ကုန် အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက်ကဏ္ဍ အလိုက်တက်ရောက်လာသော ဝန်ကြီးဌာနများ၊ပုဂ္ဂလိကကဏ္ဍနှင့် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်နေသည့် National Consultants များက ပို့ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက်သင့်သည့်အစီအမံများ၊ လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဉီးစားပေး ဖြေရှင်းဆောင်ရွက်သင့်သည့်အချက်များ၊ အစိုးရကဏ္ဍမှ ပံ့ပိုးကူညီပေးသင့်သည့် လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေမှုများတို့ကို အသီးသီးဆွေးနွေး တင်ပြကြပါသည်။
အမြဲတမ်းအတွင်းဝန်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်၍ ချက်ချင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ဌာနများမှ တင်ပြသွားရန်နှင့် ပူးပေါင်းဆောင်ရွက် သွားရန်တို့အတွက် လမ်းညွှန်မှာ ကြားပြီးဆွေးနွေးပွဲကို ညနေ(၄:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ဦးစားပေးကဏ္ဍများမှာ စက်မှုနှင့် လျှပ်စစ်ပစ္စည်း ကဏ္ဍ (Machinery & Electrical Equipment)၊အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ (Textile & Garments)၊သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry Products) ၊ လယ်ယာထွက်ပစ္စည်း အခြေခံ စားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ (Agro-Food Processing)၊ ရေထွက်ကုန် လုပ်ငန်းကဏ္ဍ (Fisheries)၊ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ (Digital Products and Services)၊ ဆန်စပါးကဏ္ဍ (Rice)၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ (Pulses & Beans and Oilseeds)၊ ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber)၊ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism) ၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ (Fresh Fruits and Vegetables)၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ (Gems and Jewellery) လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts) တို့ဖြစ်ပြီး အထောက်အကူပြုကဏ္ဍများမှာ အရည်အသွေး စီမံခန့်ခွဲမှုကဏ္ဍ (Quality management)၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ (Logistics Services)၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ (Trade Information)၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းကဏ္ဍ (Innovation and Entrepreneurship) နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍ (Access to Finance)တို့ဖြစ်ပါသည်။
NES Unit
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025