Events
“အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေး ကျင်းပခြင်း
Updated At: 2025-01-29 00:34:26

အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရုံးအမှတ် ၃ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးမြထွန်းဦး၊ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်နှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင်ကျင်းပခဲ့သည့် ကောင်စီ၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်ရန်အတွက် ပို့ကုန်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် သွင်းအားစုများ တင်သွင်းခြင်းဖြင့် ကုန်သွယ်မှုအားမျှခြေဖြစ်ရန် လိုအပ်ကြောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်ကိုပြည့်မီအောင် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များကပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ကောင်စီအဖွဲ့ဝင်များကလည်း သက်ဆိုင်သည့်ကဏ္ဍများအလိုက် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်က အမှာစကားပြောကြားခဲ့ပြီး ကောင်စီ၏ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကောင်စီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် ကောင်စီအဖွဲ့ဝင်များက ဦးစားပေးကဏ္ဍအလိုက် ပို့ကုန်အမယ်များဖော်ထုတ်၍ ဈေးကွက် ပိုမိုရရှိရေး အစိုးရ-ပုဂ္ဂလိက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရာသီအလိုက်ထွက်ရှိသည့် လယ်ယာထွက်ကုန်များကို မက်လုံးပေးဆွဲဆောင်မှု (Incentive) စနစ်ဖြင့် ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက သဘာဝဓာတ်ငွေ့အသုံးပြု စက်နှင့် စက်ကိရိယာများကို အသုံးပြုရာတွင် သဘာဝဓာတ်ငွေ့ကို ပြုန်းတီးမှုမရှိဘဲ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာဘုတ်အဖွဲ့ အမြန်ဖွဲ့စည်းရန်နှင့် မြန်မာ့ရော်ဘာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း) အား ပြည်ထောင်စုအစိုးရအဖွဲ့သို့ အတည်ပြုချက်ရယူ ရန်တို့ကို ဆွေးနွေးကြပါသည်။
ထို့အပြင် ပြည်တွင်းရှိ ပြောင်းများကိုသိုလှောင်၍ ဈေးကစားမှု မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြောင်းတင်ပို့မှုအတွက် ပို့ကုန်လိုင်စင်အား ဆောလျင်စွာထုတ်ပေးရန်၊ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ Open General License (OGL) ရရှိရေး G to G ညှိနှိုင်း ဆောင်ရွက်ရန်၊ ပို့ကုန်အမယ်အားလုံးအတွက် တူညီသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်ခံစားနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ လယ်ယာထွက်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် အစိုးရမှ ပံ့ပိုးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်၊ အရည်အသွေးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး မူဝါဒပိုင်းဆိုင်ရာနှင့် ဥပဒေစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတားအဆီးဖြစ်နေမှု ရှိ/မရှိ သုံးသပ်သွားရန်၊ ကျေးလက်ဒေသ တစ်ခုချင်းစီအလိုက် အားသာချက်ရှိသည့် ဒေသအလိုက်အထူးပြုထွက်ကုန်များ (One Region One Product - OROP) ကိုဖော်ထုတ်၍ လယ်ယာစီးပွားနှင့် စက်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြမှုများအပေါ် ကောင်စီ၏ ဥက္ကဋ္ဌက ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေ့ရှုပြီး ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားကာ အစည်းအဝေးကို ၁၇:၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025