Events
“အုန်းတန်ဖိုးမြှင့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပခြင်း
Updated At: 2024-05-31 20:08:33
အက်ခ်မက်-ကိုရီးယား (ACMECS-ROK) ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအစီအစဉ်ဖြင့် “အုန်းတန်ဖိုးမြှင့်ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ရန်ကုန်မြို့၊ Pan Pacific Hotel တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်း ဥက္ကဋ္ဌ Mrs.Nguyen Thi Kim Thanh ခေါင်းဆောင်သည့် ကျွမ်းကျင်ပညာရှင်များက ဗီယက်နမ်နိုင်ငံ၏ အုန်းစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ၊ အုန်းစိုက်ပျိုးခြင်းနှင့် Carbon Credit အကြောင်းနှင့် ဗီယက်နမ်နိုင်ငံတွင် ထုတ်ကုန်အသစ်အဖြစ် Macapuno အုန်းစိုက်ပျိုးထုတ်လုပ်နေမှုများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဗီယက်နမ်ကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အုန်းစိုက်ပျိုး ထုတ်လုပ်သူများအသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၁ ဦးတက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲကျင်းပစဉ်အတွင်း မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်းတို့အကြား နှစ်နိုင်ငံအုန်းသီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) နှင့် မြန်မာနိုင်ငံ Orchard Company Limited နှင့် ဗီယက်နမ်နိုင်ငံ Hoa Binh Hiep Agricultural Service Cooperative တို့အကြား အုန်းပျိုးပင်များပံ့ပိုးပေးရန်နှင့် အုန်းပျိုးပင်များစိုက်ပျိုးရန်အတွက် နည်းပညာအကူအညီပေးရန် နားလည်မှုစာချွန်လွှာ (MOU) တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်းဥက္ကဋ္ဌနှင့် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပွဲသို့ တက်ရောက်သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့နယ်၊ ယင်းကဒစ်ကျေးရွာရှိ အုန်းချိုမွှေးစိုက်ပျိုးသည့်ခြံများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်းဥက္ကဋ္ဌနှင့် ကျွမ်းကျင်ပညာရှင်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။


More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026