Events
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပ
Updated At: 2025-05-23 11:48:46
အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ရုံးအမှတ် ၃ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်နှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၃၁ ဦးခန့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် မကြာသေးမီကဖြစ်ပွားခဲ့သောငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေးပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီအစည်းအဝေးများကို ၄ လတစ်ကြိမ် ကျင်းပရန် လျာထားသတ်မှတ်ချက်အတိုင်း ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော် ဆောင်ရွက်မှုကာလ ပြီးဆုံးတော့မည်ဖြစ်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာ ဗျူဟာ (၂၀၂၆-၂၀၃၀) အတွက် ကဏ္ဍများကိုရွေးချယ်ပြီး လုပ်ငန်းစီမံချက် (Plan of Actions-PoA) များကို ရေးဆွဲသည့်အခါ သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းရေးဆွဲကြရန်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့နိုင်ရေး အတွက် ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ Open General License - OGL ရရှိရေး အိန္ဒိယနိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုသည် ကောင်စီ၏ သိသာသော ရလဒ်တစ်ခုဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပပေးခဲ့ပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အလားအလာရှိသော ထုတ်ကုန်များကို ရွေးချယ်၍ လုပ်ငန်းရှင်များကို ဆုချီးမြှင့်ပေးခဲ့သည့်အပြင် ပြပွဲကာလအတွင်း MSME လုပ်ငန်းရှင်များ ပြည်တွင်း/ပြည်ပ ဈေးကွက်ချိတ်ဆက်ရရှိရေး၊ ချေးငွေရရှိရေးအတွက် ဘဏ်များနှင့် ချိတ်ဆက်နိုင် ရေး ကူညီပေးမှုများကြောင့် ပို့ကုန်တင်ပို့လိုသည့် လုပ်ငန်းရှင်များအတွက် အထောက်အကူကောင်းများ ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ကဏ္ဍများအလိုက် ပို့ကုန်မြှင့်တင် ရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ ကန့်သတ်ချက်များ တင်ပြလာမှုများအပေါ် တတ်နိုင်သမျှ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးဝင်းရှိန်က အမှာစကားပြောကြားခဲ့ပြီး၊ ကောင်စီ၏ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြမှုများအပေါ် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌက ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကိုရှေ့ရှုပြီး ပြန်လည်ဆွေးနွေးလမ်းညွှန်မှာကြားကာ အစည်းအဝေးကို ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
Event Details
- Date
- 22nd May 2025
- Location
- Office No 3 Ministry of Commerce Nay Pyi Taw
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026