Events
မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2026-04-29 14:03:10
မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ၊ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းနှင့် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက အမေရိကန်နိုင်ငံ၊ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံသို့ မြန်မာ့ပေါ်ဆန်းဆန်အား တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်မည့် လုပ်ငန်းစဉ်များနှင့် အမေရိကန်နိုင်ငံ၏ FDA ဆိုင်ရာလိုအပ်ချက်များကို နှစ်ဖက်အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးမှ အမေရိကန်နိုင်ငံသို့ မြန်မာ့ပေါ်ဆန်းဆန်နမူနာကို ဦးစွာပေးပို့ပြီး၊ အစပျိုးအနေဖြင့် ကွန်တိန်နာ တစ်စီးခန့် တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Event Details
- Date
- 29th April 2026
- Location
- Office No 3 Ministry of Commerce Nay Pyi Taw
- Website
- www.myantrade.gov.mm