Events
ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံသို့ မြန်မာကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသ (၂၄-၉-၂၀၂၅၊ တိုကျို)
Updated At: 2025-09-24 16:10:52

ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ် တင်ပို့ရောင်းချသည့် နိုင်ငံများမှ သံအမတ်ကြီးများနှင့်သံရုံးများမှ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ကြပါသည်။
Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့် ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သဖြင့် ယခုအကြိမ်သည် ၂၀ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါသည်။ ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး၊ နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသသွားမည် ဖြစ်ပါသည်။ ပြပွဲသို့ နှစ်စဉ်ဧည့်သည် ၇၀,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့ ရှိပါသည်။
အဆိုပါ ပြပွဲတွင် မြန်မာ့အထူးတန်းဝင်ကော်ဖီအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက် သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲ အတွေ့ အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေ အနေများအား လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခဲ့ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းဝင် ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများအား ပါဝင်ပြသခဲ့ကြပြီး၊ လက်တွေ့သရုပ်ပြ ကော်ဖီဖျော်စပ်မှုများကို ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition)တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ပါသည်။
စီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့။