Events

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Updated At: 2024-03-06 10:59:50

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှကြီးမှူး၍ ကုန်သွယ်မှုမြှင့်တင်ရေး အရာရှိသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၊ နေပြည်တော်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညီလာခံခန်းမ၌ ကျင်းပ ပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာပါဝင်သည့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အဓိကမောင်းနှင်အားဖြစ်ပြီး နိုင်ငံတော်၏ကုန်သွယ်မှုမှာ အဓိကကျသည့် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို ပြည်တွင်း/ ပြည်ပကုန်သည်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (World Trade Promotion Organization - WTPO)၊ အာရှကုန်သွယ်မှုမြှင့်တင်ရေးဖိုရမ် (Asian Trade Promotion Forum-ATPF) တို့အပါအဝင် ဒေသတွင်းကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များနှင့် ပူးပေါင်း‌ဆောင်ရွက်လျက်ရှိသောကြောင့် ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer-TPO) များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို အဓိကတာဝန်ယူထမ်းဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာသိရှိနားလည်မှသာ ထိရောက်သည့်ရလဒ်များရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်ပွဲအထိမ်းအမှတ်တံဆိပ်အား ဂါရဝပြုပေးအပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိ (Trade Promotion Officer – TPO) သင်တန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်မည်ဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအရာရှိများ သိသင့်သိထိုက်သည့် စာတွေ့လက်တွေ့အသိပညာ၊ အတွေ့အကြုံနှင့် ဗဟုသုတများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှနည်းပြများ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့များမှ နည်းပြများက (Physical / Virtual) စနစ်ဖြင့် ရက်သတ္တပတ် (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။