Local News

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့သွားရန်စီစဉ်နေ

Last Updated:

မြန်မာနိုင်ငံက ထွက်ရှိသည့် ဒူးရင်းသီးကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် အတွက် စီစဉ်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ တရုတ်နိုင်ငံသည် ဒူးရင်းသီးဝယ်လိုအား အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာ့ဒူးရင်းသီးကို တင်ပို့ပြီး ခိုင်မာသည့် ပြည်ပဈေးကွက်ရရှိ အောင်‌ မျှော်မှန်းထားသည်ဟု သိရသည်။ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) တွင် မှတ်ပုံတင်နိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက မေ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ဖွင့်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်ပဈေးကွက်ရမယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုက ပြည်တွင်းစားသုံးမှုပဲရှိတာလေ။ ဈေးကလည်းမြင့်တော့ လူတိုင်းအကြိုက်မစားနိုင်တဲ့ အခြေအနေရှိတယ်” ဟု ဒူးရင်းသီး ရောင်းချသူတစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာ့ဒူးရင်းသီးက ပြည်တွင်းစားသုံးမှုသာ အဓိကရှိပြီး ဈေးနှုန်းအနေဖြင့် အသီး အရည်အသွေးပေါ်မူတည်၍ တစ်ကီလိုလျှင် ၆၀,၀၀၀ကျပ်လောက်အထိ အမြင့်ဆုံးဈေးပေါက်ပြီး အလုံး လိုက်ဈေးကမူ သိန်းဂဏန်းအထိ ဈေးရှိသည်ဟုသိရသည်။ မြန်မာ့ဒူးရင်းသီးကို အလုံးလိုက်ရောင်းချခြင်း၊ ခွဲပြီးဒူးရင်းသီးအသားကို ရောင်းချခြင်းအပြင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရန်အတွက်လည်း ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားရန် ပြင်ဆင်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ်စပို့နိုင်မယ်ဆိုရင်တောင် ရာသီ ကုန်မှ စနိုင်ဖို့ များလောက်တယ်။ ဘာလိုဆို အခုတောင် ဒူးရင်းသီးက စပေါ်နေပြီ၊ ရောင်းနေကြ ပြီလေ။ ဒူးရင်း သီးအသားမွှာပြီးသားကို ကောင်းရင် ကောင်း သလို ဈေးကအမျိုးမျိုးဖြစ်နေတာပဲ။ အခုကတော့ ဝယ်လိုအား ရှိပါတယ်။ ရောင်းသမျှအကုန် ကုန်တယ်” ဟု ရန်ကုန်မှ ဒူးရင်းသီးရောင်းချသူ တစ်ဦးကပြောသည်။

ဒူးရင်းသီးကို မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် အများအပြားစိုက်ပျိုးဖြစ်ထွန်းပြီး စုစုပေါင်း စိုက်ပျိုးဧကအနေဖြင့် သောင်းဂဏန်းအထိရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပေါ်ချိန်ကမူ ယခုမေလကစပြီး ဇွန်၊ ဇူလိုင်လတို့တွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ပေါ်ပြီး ဈေးကွက်ထဲဝင်ရောက်မှုရှိခြင်း ဖြစ်သည်ဟုသိရသည်။ ဒူးရင်းသီးသည် ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသများအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာတို့တွင် အဓိကစိုက်ပျိုး ဖြစ်ထွန်းမှုရှိသည်ဟု သိရသည်။

Source : "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

Category: Local News