နေပြည်တော်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပြောင်းသီးနှံ ဈေးကွက်ရရှိရေး ကြိုတင်ပြင်ဆင်ခြင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ (အင်္ဂါနေ့) ၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံတကာနှင့် ကုန်သွယ်မှုဖွံ့ဖြိုးလာစေရန်နှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းသီးနှံကို နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီစွာ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်၊ ဈေးကွက်တိုးချဲ့ ရှာဖွေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ မည့် ပြောင်းအရည်အသွေးမြင့် ထုတ်ကုန်ဖြစ်သည့် ပြောင်းဖူးကော်မှုန့် Corn Starch ထုတ်လုပ်နိုင်ရေးစီမံချက် အကြိုလေ့လာမှုအရ Corn Starch သည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား မြင့်မားနေကြောင်း၊ ပြောင်းဖူးကော်မှုန့်(Corn Starch) မှတစ်ဆင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ အိမ်သုံးဆေးဝါးပစ္စည်း၊ တိရစ္ဆာန်သုံးဆေးဝါးပစ္စည်း၊ စားသောက်ကုန်ကြမ်းပစ္စည်းများနှင့်မြေဩဇာ စသည့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သဖြင့် သွင်းကုန်အစားထိုး အသုံးပြုနိုင်ပြီး ပိုလျှံလျှင် ပြည်ပတင်ပို့ နိုင်သည်အထိ ဈေးကွက်အလားအလာများရှိနေ၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မိမိတို့ ထုတ်လုပ်တင်ပို့မည့်သီးနှံကို တင်ပို့မည့်နိုင်ငံ၏ အရည်အသွေးသတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ထုတ်လုပ်တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများအနေဖြင့် ပြည်ပပို့ကုန်များဈေးကွက်ခိုင်မာမှုရရှိစေရန်နှင့် ဈေးကွက်သစ်များ ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ သုံးစွဲမှုနှင့် ဈေးကွက်လိုအပ်ချက်များကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ဈေးကွက်ချိတ်ဆက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိပြီးသည့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ဈေးကွက်သစ်များ ရှာဖွေရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ရှိ မြန်မာ စီးပွားရေးသံမှူးများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့မှ ဥက္ကဌနှင့် ကိုယ်စားလှယ်လုပ်ငန်းရှင်များ စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာ့ပြောင်းဈေးကွက်ရရှိရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းကုန်သွယ်မှုဌာနခွဲ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့