International News

ဉာဏ်ရည်တုနှင့် ဒေတာဆန်းသစ်တီထွင်မှုမြှင့်တင်ရန် ဟောင်ကောင်ဒေသလုပ်ဆောင်

Last Updated:

ဉာဏ်ရည်တု(AI)နှင့်အချက်အလက်အသုံးပြုမှုများတွင် ဆန်းသစ်တီထွင်မှုအားပေး သည့်ဆောင်ရွက်ချက်တစ်ခုအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ လွတ်လပ်စွာရယူအသုံးပြုနိုင်မည့်အချက်အလက်စုစည်းမှု(datasets) ၅,၅၀၀ ကို ဟောင်ကောင် ဒေသအစိုးရ၏ open-data platform တွင်ရယူနိုင်ရန်စီစဉ်ထားကြောင်း ဟောင်ကောင်ဒေသအစိုးရဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စက်မှုလုပ်ငန်းဝန်ကြီး Sun Dong က ဉာဏ်ရည်တုနှင့် အချက်အလက်ဆွေးနွေးပွဲ၌ ကြေညာခဲ့သည်ဟု The Standard သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် “HK opens 5,500 datasets to boost AI and data innovation” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စီးပွား ရေးလုပ်ငန်းများနှင့် သုတေသနပညာရှင်များအနေဖြင့် datasets များကို အသုံးပြုသွားရန်တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။ လုံခြုံစိတ်ချရပြီးတာဝန်ယူမှုရှိသည့် AI ဖွံ့ဖြိုးတိုးတက်မှု၏အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး generative AI အသုံးပြုမှုကျင့်ဝတ်မြှင့်တင်ရေးမူဘောင်များကို ဒစ်ဂျစ်တယ်မူဝါဒရုံးမှ ဧပြီလအတွင်း၌ ထုတ်ပြန်ထားကြောင်း၊ ထိုမူဘောင်များသည် AI  ဆန်းသစ်တီထွင်မှုများအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့သည့်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန် ရည်ရွယ်ကြောင်း Sun က ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသစီးပွားရေးအတွက် ဉာဏ်ရည်တု(AI)ကို ဦးစားပေးနယ်ပယ်တစ်ခုအဖြစ် ဒေသအစိုးရမှ သတ်မှတ်ထားပါသည်။ ထို့ကြောင့် AI ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ဒေသအစိုးရတာဝန်ရှိသူများအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်နှင့် မြို့ပြစီမံကိန်းကဲ့သို့နယ်ပယ်များအတွက် အစိုးရဌာနအဖွဲ့အစည်းများ၊ အများပြည်သူနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများမှ အချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်ကြောင့် သတင်း အချက်အလက်မျှဝေမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေး တွန်းအားပေးနိုင်ပြီး အချက်အလက်များပွင့်လင်းမြင်သာနှင့် မှိခိုအားထားနိုင်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ဉာဏ်ရည်တုစွမ်းဆောင်နိုင်မှု ခိုင်မာစေရန် ဒေသအစိုးရအနေဖြင့် ကွန်ပျူတာအခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သည့် Cyberport Artificial Intelligence Super computing Centre မှာ ၉၀ ရာခိုင်နှုန်းကျော် လည်ပတ်နိုင်ပြီဖြစ်ပါသည်။ ထို့ပြင် ဟောင်ကောင်ဒေါ်လာ ၃ ဘီလီယံ AI ရန်ပုံငွေထောက်ပံ့ရေးအစီစဉ်မှ စီမံကိန်း ၁၀ ခုကို အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

Source: https://www.thestandard.com.hk/hong-kong-news/article/306933/

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News