International News

၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှု အရေအတွက်မှာ ၄,၉၉၀ အထိ ရှိခဲ့ပြီး၊ ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့

Last Updated:

လုပ်သားပြတ်လပ်မှုအများအပြားဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ၁၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ၉-၇-၂၀၂၅ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Japan's 1st half bankruptcies reach 4,990, highest in 11 years” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ယန်း ၁၀ သန်းနှင့်အထက်ကြွေးမြီရှိသည့် ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁.၂ ရာခိုင်နှုန်း များပြားခဲ့ကြောင်း၊ ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်မှာ ၄ နှစ်ဆက်တိုက်များပြားခဲ့ခြင်းဖြစ်ကြောင်းနှင့်၂၀၁၄ ခုနှစ်မှစတင်၍အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

လုပ်သားပြတ်လပ်မှုများ များပြားလာခြင်း၊ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာခြင်း နှင့် အတိုးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် အသေးစားနှင့်အလတ်စားကုမ္ပဏီများအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဂျပန်နိုင်ငံတွင် ဒေဝါလီခံရမှုအရေ အတွက်မှာ များပြားလာလျက်ရှိကြောင်း၊ စုစုပေါင်းဒေဝါလီခံခဲ့ရသည့်ကုမ္ပဏီအရေ အတွက်၏ ၈၉.၉ ရာခိုင်နှုန်းမှာ ဝန်ထမ်း ၁၀ ဦးနှင့်အောက်ရှိသည့် ကုမ္ပဏီများဖြစ် ကြောင်း၊ လုပ်သားရှားပါးမှုကြောင့် လစာနှုန်းများမြင့်တက်လာသည့်အတွက် ဝန်ထမ်းများငှားရမ်းနိုင်ရန်အတွက် စိန်ခေါ်မှုများဖြစ်ပေါ်ခဲ့ကာ ဒေဝါလီခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သော်လည်း ယခုအခါ အဆိုပါကင်းလွတ်ခွင့်များရပ်ဆိုင်းခဲ့သည့်အတွက်လည်း စီးပွားရေးလုပ်ငန်းငယ်များအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများခန့်ထားနိုင်ရန်ခက်ခဲခြင်းနှင့် အလုပ်သမားများအလုပ်ထွက်ခြင်း စသည့်အခက်အခဲများကြောင့် ဒေဝါလီခံခဲ့ရသည့်ကုမ္ပဏီအရေအတွက်မှာ ၁၇၂ ခုရှိပြီး၊ ၆ လတာအတွင်း အများဆုံးဖြစ်ခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၄၆ ခုများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ ဒေဝါလီခံခဲ့ရသည့် ကုမ္ပဏီများ၏ပေးဆပ်ရမည့် ကြွေးမြီပမာဏမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၆၉၀.၂ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News