International News

တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် GDP တိုးတက်မှု (၅.၃)ရာခိုင်နှုန်းရှိကာ အားကောင်းသည့် အရှိန်အဟုန်နှင့် ခံနိုင်ရည်အားကို ပြသခဲ့

Last Updated:

ရှုပ်ထွေးသော နိုင်ငံတကာအခင်းအကျင်းနှင့် စိန်ခေါ်မှုများတိုးလာနေသော်လည်း တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် တည်ငြိမ်သောစီးပွားရေးတိုးတက်မှုကို ဆက်လက် ထိန်းသိမ်းထားကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို၏ လက်ထောက်အကြီးအကဲ Sheng Laiyun က ဇူလိုင်လ ၁၅ ရက်နေ့တွင်ကျင်းပခဲ့သည့် တရုတ်နိုင်ငံတော်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဒုတိယသုံးလပတ်ကတည်းက နိုင်ငံတကာပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများနှင့် ပြင်ပဖိအားများ သိသိသာသာတိုးလာသောကြောင့် ထိုသို့ GDP တိုးတက်မှုသည် ခက်ခက်ခဲခဲရရှိခဲ့သည့် အောင်မြင်မှုတစ်ခုဖြစ်ကြောင်းနှင့်အဆိုပါစွမ်းဆောင်ရည်သည် တရုတ်နိုင်ငံ၏ စီးပွားရေး ခံနိုင်အားကို မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံ၏တစ်နှစ်တာတိုးတက်မှုရည်မှန်းချက်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Shen က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပဏာမတွက်ချက်မှုများအရ တရုတ်နိုင်ငံ၏ GDP သည် ယခုနှစ်ပထမခြောက်လအတွင်း ယွမ် (၆၆.၀၅)ထရီလီယံ(အမေရိကန်ဒေါ်လာ ၉.၁၉ ထရီလီယံ)ခန့်သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၅.၃)ရာခိုင်နှုန်းတိုးလာကာ ယခင်နှစ်အလားတူကာလနှင့် ၂၀၂၄ ခုနှစ်တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်းထက် (၀.၃) ရာခိုင်နှုန်းပိုများလာကြောင်း သိရှိရပါသည်။

အလုပ်အကိုင်ဈေးကွက်သည် ယေဘုယျအားဖြင့် တည်ငြိမ်နေခဲ့ပြီး ကုန်စျေးနှုန်းများလည်း တည်ငြိမ်နေကာ တရုတ်နိုင်ငံသည် နိုင်ငံတကာငွေပေးချေမှုမျှခြေကိုထိန်းသိမ်းထားကြောင်း၊ ကုန်စည်ကုန်သွယ်မှုတွင် စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်သည် အလားတူကာလအတွက် စံချိန်တင်မြင့်မားခဲ့ပြီး နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာ(၃.၂)ထရီလီယံအထက်တွင် ရှိနေခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတစ်ဝန်းလုံးသည် နည်းပညာနှင့်စက်မှုဆိုင်ရာဆန်းသစ်တီထွင်မှုတို့ကိုပေါင်းစပ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထွန်းသစ်စကဏ္ဍများ၊ လုပ်ငန်းပုံစံသစ်များနှင့် အဆင့်မြင့်နည်းပညာများသည် လျင်မြန်စွာတိုးတက်လျက်ရှိကြောင်း၊တီထွင်ဆန်းသစ်မှုတွင် ရင်းနှီးမြှုပ်နှံမှုသည် အားကောင်းနေဆဲဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးအသုံးစရိတ်သည် GDP ၏ (၂.၇)ရာခိုင်နှုန်းနီးပါးရှိနေပြီး အီးယူ၏ပျမ်းမျှထက် မြင့်မားနေကာ OECD ၏ပျမ်းမျှခန့်ရှိနေကြောင်း သိရှိရပါ သည်။

ယခုနှစ်ဇွန်လအထိ တရုတ်ပြည်တွင်း၌ သက်တမ်းရှိဆန်းသစ်တီထွင်မှုမူပိုင်ခွင့်အရေအတွက်သည် (၅.၀၁)သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၃.၂)ရာခိုင်နှုန်းတိုးလာကြောင်း Shen ၏ပြောကြားချက်အရ သိရှိရပါသည်။

ထွန်းသစ်စကဏ္ဍများသည် လျင်မြန်စွာတိုးတက်လာပြီး ယခုနှစ်၊ ပထမနှစ်ဝက်တွင် နည်းပညာမြင့်ကုန်ထုတ်မှုကဏ္ဍ၏ တန်ဖိုးမြှင့်စက်မှုထုတ်ကုန်များသည် (၉.၅)ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ဇန်နဝါရီလမှ မေလအတွင်းတွင် မဟာဗျူဟာမြောက်ထွန်းသစ်စဝန်ဆောင်မှုလုပ်ငန်းများမှ ဝင်ငွေသည် (၁၀)ရာခိုင်နှုန်းနီးပါးတိုးလာခဲ့ကြောင်း၊ ဆန်းသစ်တီထွင်မှုရလဒ်များကို အသုံးချခြင်းနှင့် စက်မှုလုပ်ငန်းပေါင်းစည်းခြင်းသည် အဆင့်မြင့်နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ဒစ်ဂျစ်တယ်စီးပွားရေးသည်လည်း အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာပြီး ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ်စက်မှုလုပ်ငန်းနှင့် စက်မှုဒစ်ဂျစ်တယ်စနစ်တို့သည် လျင်မြန်စွာတိုးတက်လာကြောင်း၊ အဓိကဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းစုများ၏ တန်ဖိုးမြှင့်ထုတ်ကုန်သည် စုစုပေါင်း GDP ၏ (၁၀) ရာခိုင်နှုန်းခန့်အထိရောက်ရှိခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများကြားတွင်ပင် ယှဉ်ပြိုင်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော အသွင်ကူးပြောင်းရေးသည်လည်း အရှိန်မြှင့်တက် လျက်ရှိကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်များနှင့် ၎င်းတို့အတွက် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများထုတ်လုပ်မှုသည် (၃၆.၂)ရာခိုင်နှုန်းနှင့် (၅၃.၃) ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း၊ သမာရိုးကျကဏ္ဍများကိုအဆင့်မြှင့်တင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးပမ်းမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော လုပ်ငန်းစုများသည် အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

ပြင်ပစိန်ခေါ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို မြှင့်တင် ရာတွင် အဓိကဦးစားပေးအနေဖြင့် စားသုံးမှုကိုလှုံ့ဆော်ရန်၊ ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ ကုန်စည်နှင့် အရင်းအနှီးစီးဆင်းမှုချောမွေ့စေရန် အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း Shen က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။။

ဤကြိုးပမ်းမှုများသည် အပြုသဘောဆောင်သောသက်ရောက်မှုများကို ဖြစ်ပေါ်စေကာ ကုန် စည်ပို့ဆောင်မှု တစ်နှစ်ထက်တစ်နှစ် (၅.၁)ရာခိုင်နှုန်းနှင့် ခရီးသည်ပို့ဆောင်မှု(၄.၉)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လည်ပတ်လျက်ရှိသောငွေသားနှင့် အပ်ငွေအားလုံးအကျုံးဝင်သော money supply သည် ဇွန်လကုန်တွင် တစ်နှစ်ထက်တစ်နှစ် (၈.၃)ရာခိုင်နှုန်းတိုးလာကြောင်း သိရှိရပါ သည်။

စားသုံးမှုနှင့် ပြည်တွင်းဝယ်လိုအားကိုမြှင့်တင်ပေးသည့် မူဝါဒများကြောင့် တရုတ်နိုင်ငံ၏ စားသုံး သူဈေးကွက်သည် ပိုမိုတက်ကြွလာကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ပြည်တွင်းဝယ်လို အားသည် GDP တိုးတက်မှုကို (၆၈.၈)ရာခိုင်နှုန်းအထိပံ့ပိုးပေးခဲ့ကာ စားသုံးမှုအသုံးစရိတ်သည် (၅၂)ရာခိုင်နှုန်းဖြင့် တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဗီဇာကင်းလွတ်ခွင့်မူဝါဒများတိုးမြှင့်ပေးခဲ့ခြင်းကြောင့် ပြည်တွင်းခရီးသွားနှင့် လက်လီရောင်းချမှုနှစ်ခုစလုံးသည် သိသိသာသာမြင့်တက်လာကြောင်း၊ "China Travel" နှင့် "Shopping in China" တို့သည် နိုင်ငံတကာခရီးသွားများကြားတွင် ပိုမိုရေပန်းစားလာကာ တရုတ်နိုင်ငံ၏ ပြည်တွင်း စားသုံးမှုကို ပိုမိုအားကောင်းလာစေကြောင်း သိရှိရပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်၏ အလားအလာနှင့်ပတ်သက်၍ ပြင်ပမရေရာမှုများနှင့် ပြည်တွင်း ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများရှိသော်လည်း စီးပွားရေးစဉ်ဆက်မပြတ်တိုးတက်မှုအတွက် ခိုင်မာစွာယုံကြည်ကြောင်း Sheng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် စားသုံးမှုအဆင့်မြှင့်တင်ရေး၏ အရေးကြီးသောအဆင့်ကို ကြုံတွေ့နေရပြီး တစ်ဦးချင်း GDP သည် (၂)နှစ်ဆက်တိုက် ဒေါ်လာ(၁၃၀၀၀)အထက်၌ ရှိနေကြောင်း၊ လူဦးရေ (၁.၄)ဘီလီယံကျော်ရှိသော ပြည်တွင်းစျေးကွက်ကြီးဖြင့် ပံ့ပိုးထားသောခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုဝန်ဆောင်မှုများတွင် ကြီးမား သောဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိနေသည်ဟု Sheng က မီးမောင်းထိုးပြခဲ့ကြောင်း သိရှိရပါသည်။

ဝန်ဆောင်မှုကဏ္ဍသည် တိုးတက်မှုကို အထောက်အပံ့ဖြစ်စေကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ဝန်ဆောင်မှုကဏ္ဍ၏တန်ဖိုးသည် GDP ၏ (၅၉.၁)ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍ၏လုပ်ငန်းဆောင်ရွက်မှုအညွှန်းကိန်းသည် ယခုနှစ်တွင်ဆက်တိုက်(၅၀)ရာခိုင်နှုန်းအထက် တွင်ရှိနေခဲ့ပြီး တည်ငြိမ်သော တိုးတက်မှုအရှိန်အဟုန်ကို ပြသလျက်ရှိကြောင်း သိရှိရပါသည်။

ပို့ကုန်ညွှန်းကိန်းများသည်လည်း အပြုသဘောဆောင်သောလမ်းကြောင်းများကို ဖော်ပြလျက်ရှိကြောင်း၊တရုတ်နိုင်ငံသည် ကွဲပြားသောကုန်သွယ်မှုမဟာဗျူဟာကိုကျင့်သုံးလျက်ရှိပြီး မည်သည့် ဈေးကွက်တစ်ခုတည်းကိုမဆို မှီခိုအားထားမှုကို (၁၀)ရာခိုင်နှုန်းအောက်သို့ လျှော့ချခဲ့ကြောင်း သိရှိရ ပါသည်။

ယခုနှစ်စကတည်းက ချမှတ်ဆောင်ရွက်ခဲ့သည့် ကြိုတင်ပြင်ဆင်သည့်မက်ခရိုစီးပွားရေးမူဝါဒ များသည် စီးပွားရေးကိုတည်ငြိမ်စေကာ တိုးတက်မှုအရှိန်အဟုန်ကို တည်ဆောက်ပေးခဲ့ကြောင်း၊ လာမည့်ဒုတိယနှစ်ဝက်တွင် မူဝါဒပိုင်းအစီအမံများထပ်မံထုတ်ပြန်ခြင်းဖြင့် စီးပွားရေးသည် တည်ငြိမ်သည့်အတက်လမ်းကြောင်းကိုဆက်လက်ထိန်းထားနိုင်မည်ဟုယုံကြည်ကြောင်း Sheng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: https://en.people.cn/n3/2025/0719/c90000-20342555.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News