ခရီးသွားလာရောက်မှုမြင့်တက်နေသော်လည်း ဟောင်ကောင်ဒေသ၏လက်လီရောင်းချမှုကဏ္ဍမှာ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် “Hong Kong retail challenges persist despite rise in tourist arrivals” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်နှင့် ရှန်ကျန်းဒေသအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုသည် လက်လီရောင်းချမှုကျဆင်းခြင်းအတွက် အဓိကအချက်ဖြစ်ကြောင်း၊ ခရီးသွားလာရောက်မှုမြင့်တက်ပြီး၊ ဟောင်ကောင်ဒေသ၌ သုံးစွဲမှုတိုးတက်လာသော်လည်း ဟောင်ကောင်ဒေသခံများအနေဖြင့် စရိတ်သက်သာသည့် ရှန်ကျန်းဒေသသို့ သွားရောက်ခြင်းကြောင့် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ဒေသ၏လက်လီရောင်းချမှု ၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက် ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး ခရီးသွားဦးရေ ၂.၉၈ သန်း ဟောင်ကောင်ဒေသသို့ လာရောက်ခဲ့ခြင်းကြောင့် ပြည်ပခရီးသွားများ ဟောင်ကောင်ဒေသ၌ ရက်ရှည်နေထိုင်ပြီး သုံးစွဲမှုပိုများလာပါက လက်လီရောင်းချမှုကဏ္ဍမြှင့်တင်ပေးနိုင်သည့်အခြေအနေရှိကြောင်း ရေးသားဖော်ပြထားပါသည်။
လက်လီရောင်းချမှုကဏ္ဍမြှင့်တင်ရေးအထောက်အကူပြုနိုင်ရန် ဟောင်ကောင်ဒေသ၌ အားကစားပြိုင်ပွဲများ၊ ဂီတဖျော်ဖြေပွဲများကဲ့သို့ အခမ်းအနားကြီးများကို ပြုလုပ်ကျင်းပပြီး အာရှပစိဖိတ်ဒေသမှ ခရီးသွားများကို ဆွဲဆောင်လျက်ရှိပါသည်။ ထို့ပြင် တရုတ်အစိုးရမှ ဟောင်ကောင်သို့ အကြိမ်ကြိမ်ပြည်ဝင်ခွင့်ရရှိနိုင်သူအရေ အတွက် တိုးမြှင့်ပေးနိုင်ခြင်းကြောင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်ပြည်မမှ ခရီးသွားများ၏ သုံးစွဲမှုမြင့်တက်လာနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။