International News

ဂျပန်နိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ၇ ပတ်ဆက်တိုက်ကျဆင်းလျက်ရှိ

Last Updated:

ဂျပန်အစိုးရအနေဖြင့် ဈေးနှုန်းချိုသာသည့်အရန်ဆန်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးရောင်းချပေးလျက်ရှိခြင်းကြောင့် ဂျပန်နိုင်ငံ၏ဆန်ဈေးနှုန်းမှာ ၇ ပတ်ဆက်တိုက်ကျဆင်းလျက်ရှိကြောင်း ၁၄-၇-၂၀၂၅ ရက်နေ့ထုတ် The NHK World Japan သတင်းစာတွင် “Retail rice prices in Japan drop for 7th straight week” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့အထိ ရက်သတ္တ ၁ ပတ်တာကာလတွင် ဂျပန်နိုင်ငံ၏ပျမ်းမျှဆန်ဈေးမှာ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၃,၅၃၄ ယန်း(သို့မဟုတ်)အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာရှိခဲ့ကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၄.၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များ၊ ဆေးဆိုင်များနှင့် အခြားသောလက်လီအရောင်းဆိုင် စုစုပေါင်း ၆,၀၀၀ နီးပါး၏ ဈေးနှုန်းများကို ကောက်ယူကာ ပျမ်းမျှဈေးနှုန်းကို ထုတ်ပြန်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ဒေသကြီး ၉ ခုလုံး၏ ပျမ်းမျှဆန်ဈေးမှာ ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ယန်း ၄,၀၀၀ အောက်ကျဆင်းခဲ့ကြောင်း၊ အနောက်တောင်ပိုင်းဒေသရှိ  ကျူရှူး၊ အိုခီနာဝါစသည့်ဒေသများတွင် ပျမ်းမျှဆန်ဈေးမှာ အနည်းဆုံးဖြစ်ကြောင်းနှင့် ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ယန်း ၃,၀၀၀ ကျော်(သို့မဟုတ်)အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာအောက်သာရှိကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ၂ဒေါ်လာကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အလားတူ ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးဒေသရှိ ပျမ်းမျှဆန်ဈေးနှုန်းများမှာ ဒုတိယ အနည်းဆုံးဖြစ်ခဲ့ပြီး ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ၃,၂၀၀ ယန်း(သို့မ ဟုတ်)အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာခန့်ရှိခဲ့ကြောင်းနှင့် ၄ ဒေါ်လာနီးပါးကျဆင်းခဲ့ကြောင်းဖော်ပြထားပါသည်။ ထို့အတူ တိုကိုင်းနှင့် ဟိုခုရိခုဒေသများတွင်လည်း ဆန် ၅ ကီလိုဂရမ် ၁ အိတ်လျှင် ယန်း ၄,၀၀၀ အောက်ကျဆင်းခဲ့ကြောင်းနှင့် ရှိနက်ဆုအလယ်ပိုင်းဒေသရှိ ဆန်ဈေးနှုန်းများမှာမူ ယန်း ၃၀၀၀ အထက်ပြန်လည်မြင့်တက်လာလျက်ရှိကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News