ခရီးသွားရာသီကျော်လွန်ပြီးသည့်တိုင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်မှုမှာ များပြားနေဆဲဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၁.၅ သန်းစံချိန်တင်လာရောက်ခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားကြောင်း ၁၇-၇-၂၀၂၅ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Japan sees record 22 mil foreign visitors in 1st half of 2025” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်အရေအတွက်မှာ ယခင်နှစ်အလားတူကာလတွင် စံချိန်တင်လာရောက်ခဲ့သည့် ခရီးသွားဧည့်သည် ၁၇.၇၈ သန်းကိုပင် ကျော်လွန်ခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့က ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်အရေအတွက်မှာ ၃.၃၈ သန်းရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၆ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် တစ်လတာအတွင်း ခရီးသွားဧည့်သည်အများဆုံးလာရောက်ခဲ့ခြင်းလည်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် တောင်ကိုရီးယားနိုင်ငံ(၄.၈ သန်း)၊ တရုတ်နိုင်ငံ (၄.၇ သန်း)နှင့်ထိုင်ဝမ်(၃.၃ သန်း)တို့မှ ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ခဲ့ကြပြီး၊ တရုတ်နိုင်ငံမှ လာရောက်မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၃.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံတွင် ခရီးသွားဧည့်သည်အများအပြားလာရောက်ခြင်းကြောင့် အထင်ကရနေရာဒေသများတွင် နေထိုင်သည့် ဂျပန်လူမျိုးများ ၏လူမှုဘဝအရည်အသွေးအပေါ် ထိခိုက်စေခြင်းအပါအဝင် အခြားသောစိန်ခေါ်မှုများကို ကြုံတွေ့ရလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်း ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်များ၏ သုံးစွဲမှုပမာဏမှာ ၂.၅ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံ)ရှိခဲ့ပြီး၊ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းများပြား ခဲ့ကြောင်း ဂျပန်ခရီးသွားလာရေးအေဂျင်စီက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါ သည်။
ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်များအနက် တရုတ်နိုင်ငံသားများ၏ သုံးစွဲမှုပမာဏမှာ အများဆုံးဖြစ်ပြီး ခရီးသွားဧည့်သည်များ၏ စုစုပေါင်းသုံးစွဲမှု၏ ၂၀.၄ ရာခိုင်နှုန်းရှိခဲ့ပြီး ၅၁၆ ဘီလီယံယန်းရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ(၃၅၇ ဘီလီယံယန်း)နှင့် ထိုင်ဝမ်(၂၉၂ ဘီလီယံယန်း)တို့မှလည်း ဒုတိယနှင့် တတိယအများဆုံးသုံးစွဲခဲ့ကြကြောင်း၊ ခရီးသွားဧည့်သည်တစ်ဦးလျှင် ပျမ်းမျှသုံးစွဲမှုပမာဏမှာ ၂၃၉,၀၀၀ ယန်းရှိခဲ့ပြီး၊ တစ်ဦးကျသုံးစွဲမှုပမာဏတွင် အများဆုံးသုံးစွဲခဲ့သည့် နိုင်ငံများမှာ ဗြိတိန်နိုင်ငံ(၄၄၄,၀၀၀ ယန်း)၊ အီတလီနိုင်ငံ(၃၉၈,၀၀၀ ယန်း)နှင့် ဂျာမနီနိုင်ငံ(၃၉၆,၀၀၀ ယန်း) တို့ဖြစ်ကြကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)