International News

ရုရှားမှ တရုတ်သို့ ရေနံတင်ပို့မှု ၇ လအတွင်း ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ရုရှားနိုင်ငံမှ တရုတ်နိုင်ငံ ရေနံတင်ပို့မှုပမာဏသည် တန်ချိန် ၅၇ ဒသမ ၇၁ သန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

GACC ၏ဖော်ပြထားသည့်အချက်အလက်များအရ အဆိုပါကာလအတွင်း ရုရှားမှ တရုတ်သို့ ရေနံတင်ပို့မှု၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၈ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၂၁ ဒသမ ၃ ရာခိုင်နှုန်းလျော့နည်းခဲ့သည်။ ရုရှားသည် တရုတ်နိုင်ငံသို့ မဟာဗျူဟာမြောက်အရင်းအမြစ်ကို အဓိကပို့ကုန်တင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။

ဇူလိုင်လတွင် ရုရှားသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုတန်ချိန် ၈ ဒသမ ၇ သန်းရှိခဲ့ပြီး၊ ဇွန်လထက် ၄ ဒသမ ၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၁ ဘီလီယံ ရှိခဲ့ပြီး ယခင်လထက် ၉ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာကာလအတွင်း ရုရှားမှ တရုတ်သို့ သဘာဝ ဓာတ်ငွေ့ရည်(LNG)တင်ပို့မှုသည် တန်ချိန် ၃ ဒသမ ၃၈ သန်းရှိခဲ့ပြီး၊ တန်ဖိုးအား ဖြင့် ၁ ဒသမ ၉၈ ဘီလီယံရှိကာ ၁၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း GACC ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် ရုရှားမှ တရုတ်သို့ ရေနံတင်ပို့မှုပမာဏမှာ တန်ချိန် ၁၀၈ ဒသမ ၄၇ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် LNG တင်ပို့မှုမှာ တန်ချိန် ၈ ဒသမ ၃ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၃ ဒသမ ၃ ရာခိုင်နှုန်းပိုများကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၀ ဒသမ ၁၁ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၈၁ ဘီလီယံထိတိုးတက်ခဲ့သည်။

Source :        https://tass.ru/ekonomika/24825727

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News