International News

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏ ငါးနှစ်အတွင်း ခုနစ်ဆတိုးလာ

Last Updated:

ရုရှား-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ခုနှစ်ဆနီးပါးတိုးတက်လာခဲ့ကြောင်း၊ အိန္ဒိယသည် ရုရှား၏အဓိကနိုင်ငံခြားကုန်သွယ်ရေးမိတ်ဖက်များထဲမှ ထိပ်ဆုံး(၃)နိုင်ငံစာရင်းတွင်ပါဝင်ကြောင်း  ရုရှားပထမဒုတိယဝန်ကြီးချုပ် Mr. Denis Manturov က ရုရှား-အိန္ဒိယအစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အိန္ဒိယသို့ အဓိကတင်ပို့သည့်ကုန်စည်များမှာ စွမ်းအင်အရင်းအမြစ်များအပြင် ဓာတ်မြေဩဇာများ၊ သတ္ထုထုတ်ကုန်များ၊ သစ်ထွက်ကုန်များ၊ စိန်၊ စွမ်းအင်ဆိုင်ရာ စက်ပစ္စည်းကိရိယာများနှင့် အစားအသောက်များဖြစ်သည်။

အိန္ဒိယမှ ရုရှားသို့ အဓိကတင်သွင်းသောကုန်စည်များမှာ စိုက်ပျိုးရေးထွက်ကုန်များ၊ ဆေးဝါးများနှင့် ကုန်ကြမ်းပစ္စည်းများ၊ အပေါ့စားစက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် အစိတ်အပိုင်းများဖြစ်သည်။

ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union)နှင့် အိန္ဒိယအကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်(FTA)ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်း စဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှား-အိန္ဒိယနှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ရုရှားနိုင်ငံသည် အိန္ဒိယသို့ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ ကျောက်မီးသွေးများကို ဆက်လက်တင်ပို့လျက်ရှိပြီး သဘာဝဓာတ်ငွေ့ရည်(LNG)တင်ပို့နိုင်မှုအလားအလာကိုလည်း Mr. Denis Manturov က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့တတိယမြောက် ရေနံအများဆုံးသုံးစွဲသည့်နိုင်ငံဖြစ်ပြီး တင်သွင်းမှုအပေါ် မှီခိုမှုမြင့်မားသည့်နိုင်ငံဖြစ်သည်။ ရုရှားနှင့် အိန္ဒိယကြား နိုင်ငံတော်သုံးငွေကြေးများဖြင့် ငွေပေးချေမှုဝေစုသည် ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။

ရုရှားနှင့် အိန္ဒိယကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၆ ဘီလီယံအထိ တိုးတက်ခဲ့သည်။

Source :        https://ria.ru/20250820/rossiya-2036562788.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News