ပဲမျိုးစုံဈေးနှုန်းများကျဆင်းရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယနိုင်ငံသည် စားတော်ပဲ(Yellow Pea)အား အကောက်ခွန်လွတ်တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံသည် စားတော်ပဲကို ကနေဒါနှင့် ရုရှားနိုင်ငံတို့မှ အဓိကတင်သွင်းပြီး ကမ္ဘာ့အကြီးဆုံးတင်သွင်းသူဖြစ်ပါသည်။
ယခင်က အိန္ဒိယအစိုးရသည် စားတော်ပဲတင်သွင်းခွင့်မူဝါဒကို ၂၀၂၅ ခုနှစ် မတ်လတွင် သုံးလသက်တမ်းတိုးပေးခဲ့သည့်အတွက် ယခု ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုသက်တမ်းကုန်ဆုံးရက်နီးကပ်မှသာ သက်တမ်းတိုးမြှင့်ပေးခဲ့သည်ကို တွေ့ရှိရပါသည်။
အိန္ဒိယအစိုးရက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အကောက်ခွန်လွတ်ပဲစင်းငုံတင်သွင်းခွင့်ကို ကနဦးခွင့်ပြုပေးခဲ့ပြီး နောက်ပိုင်းတွင် ၃ လ တစ်ကြိမ် သက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ဘဏ္ဍာနှစ်ကုန်ထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။
ကုန်သွယ်မှုအချက်အလက်များအရ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၃ ဒသမ ၃၁ သန်းနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၆ ဒသမ ၆၃ သန်းအထိ တိုးမြှင့်တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ယခင်ကစံချိန်တင် တင်သွင်းမှုအနေဖြင့် ၂၀၁၇ ခုနှစ် တွင် ၆ ဒသမ ၂၇ သန်းထိရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် စားတော်ပဲတင်သွင်းမှုအား အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုပြီးနောက် စံချိန်တင်တင်သွင်းခဲ့ပြီး ပဲမျိုးစုံတင်သွင်းမှု၏ ၄၅ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၂ ဒသမ ၉ သန်းအထိတင်သွင်းခဲ့ကြောင်းတွေ့ရှိရပြီး အိန္ဒိယသည် ယင်းမတိုင်မီနှစ်က စားတော်ပဲတင်သွင်းမှု မရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
Source: Govt extends duty-free yellow pea imports till March 2026, The Economic Times, 31 May, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)