International News

အမေရိကန်အခွန်နှုန်းထားကြောင့် ဖိလစ်ပိုင်ကော်ဖီအား ဥရောပဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်

Last Updated:

အမေရိကန်မှသတ်မှတ်လိုက်သည့် အခွန်နှုန်းထားအသစ်ကြောင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအနက် ကော်ဖီအား ဥရောပဈေးကွက်သို့ တိုးချဲ့သွားရန် လိုအပ်ကြောင်း ကုန်သွယ်ရေးကော်မတီမှ ပြောကြားခဲ့ပါသည်။ ဥရောပဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်မှသာလျှင် အမေရိကန်အခွန်နှုန်းထားသစ်၏ သက်ရောက်မှုကို ပြန်လည်ကာမိစေမည်ဖြစ်ပါကြောင်း၊ ထို့အတွက် ထိရောက်စွာတင်ပို့နိုင်မည့် အလားအလာရှိသော ကုန်စည်များကို ရွေးချယ်သွားရန်လိုအပ်ပြီး အထူးသဖြင့် ကော်ဖီသည် ဈေးကွက်တွင်းယှဉ်ပြိုင်နိုင်စွမ်းရှိမည်ဟု မျှော်လင့်ပါကြောင်း ကော်မတီ၏တာဝန်ရှိသူမှ ပြောကြားထားပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ၆ နိုင်ငံသည် အမေရိကန်၏အခွန်နှုန်းထားအသစ် ၃၂% နှင့် ၄၉ % ကြားအား ရင်ဆိုင်နေရပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၁၇% ဖြင့် အာဆီယံဒေသတွင်း ဒုတိယအနည်းဆုံးနှုန်းထားဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးနှင့်စားသောက်ကုန်လုပ်ငန်းများအနေဖြင့် အာရှဈေးကွက်တွင်း ပိုမိုယှဉ်ပြိုင်ရမည့်အနေအထားတွင်ရှိပြီး အခြားသော ပြိုင်ဖက်နိုင်ငံများသည် ဈေးနှုန်းပိုမိုသက်သာသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့နိုင်သည်ဟု ဖော်ပြပါရှိပါ သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN Summit ခရီးစဉ်အတွင်း သမ္မတမားကို့စ်ဂျူနီယာမှ အာဆီယံဒေတွင်းအဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ကုန်သွယ်မှုပြုရေးကို ပိုမိုချဲ့ထွင်ဆောင်ရွက်သွားရန် တိုက်တွန်းဆွေးနွေးခဲ့ပါကြောင်းနှင့် အမေရိကန်နိုင်ငံ၏ အခွန်နှုန်းထားကြောင့် ထိခိုက်မှုသက်သာလျော့ပါးစေရန် အရှေ့တောင်အာရှနိုင်ငံများအချင်းချင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်ဟု ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာရှဈေးကွက်တွင်းယှဉ်ပြိုင်မည်ဆိုပါက အခက်အခဲများရှိလာနိုင်ပါကြောင်း၊ ထို့အတွက် စားသောက်ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ဦးစား ပေးဆောင်ရွက်မည်ဆိုလျှင် ဥရောပနှင့် အမေရိကန်ဈေးကွက်တို့သို တင်ပို့ခြင်းသည် ပိုမိုကောင်းမွန်သည့်ဈေးနှုန်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အာရှဈေးကွက်တွင်းရှိ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့သည် စားသောက်ကုန်ပစ္စည်းများကို ပိုမိုသက်သာသောဈေးနှုန်းများဖြင့် ထုတ်လုပ်ရောင်းချနိုင်သည့်နိုင်ငံများဖြစ်သည့် အတွက် ယှဉ်ပြိုင်မှုပြင်းထန်နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ဥရောပသမဂ္ဂသို့တင်ပို့ခဲ့သည့် ပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံရှိပြီး စိုက်ပျိုး ရေးထွက်ကုန်ပစ္စည်းများ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၁၉% ရှိပါကြောင်း အစိုးရမှထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမည့်ဈေးကွက်အား ကမ္ဘာ့အနောက်ဘက်ခြမ်းရှိ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်ဆောင်ရွက်ရခြင်းမှာ ပိုမိုခိုင်မာအားကောင်းသည့် မဟာဗျူဟာကျကြောင်း ဖိလစ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု၏ အကြီးတန်းအရာရှိမှ ပြောကြားထားပါသည်။

ကော်ဖီနှင့် အခြားသော ဈေးကွက်အလားအလာရှိသည့် စားသောက်ကုန်ပစ္စည်းများသည် နိုင်ငံခြားဈေးကွက်များအတွက် တန်ဖိုးမြင့်ထုတ်ကုန်အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်နှင့် စည်းမျဉ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာရန်လိုအပ်ပြီး အရည်အသွေးကောင်းမွန်စေရေးထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News