International News

ဖိလစ်ပိုင်နိုင်ငံ၏သရက်သီး အီတလီဈေးကွက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရရှိ

Last Updated:

ပီဇာ၊ ပါစတာ၊ ကော်ဖီ၊ ရေခဲမုန့်တို့ဖြင့် နာမည်ကြီးကျော်ကြားသည့် အီတလီနိုင်ငံဈေးကွက်သို့ ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီးသည် ပထမဆုံးအနေဖြင့် မကြာမီဝင်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။ Pangasinam ထွက် ဖိလစ်ပိုင်သရက်သီးသေတ္တာများသည် ရောမလေဆိပ်သို့ ပြီးခဲ့သည့်တနင်္ဂနွေနေ့ ၁-၆-၂၀၂၅ ရက်နေ့က ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါ သည်။ အီတလီနိုင်ငံသို့ ဖိလစ်ပိုင်သရက်သီးအား ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ပေးပို့ခြင်းသည် သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ဖိလစ်ပိုင်သရက်သီးစိုက်ပျိုးထုတ်လုပ်သူများသည် အီတလီနိုင်ငံ၏ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး ဈေးကွက်ချဲ့ထွင်ဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်နေပါကြောင်း ဖော်ပြပါရှိပါသည်။ အီတလီနိုင်ငံရှိ ဖိလစ်ပိုင် ကုန်သည်ကြီးများအသင်းဝင်များ၊ ဖိလစ်ပိုင်လူမျိုးများလုပ်ကိုင်ဆောင်ရွက်နေသည့်အသေးစားစီးပွားရေးလုပ်ငန်းအုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း အီတလီနိုင်ငံရှိ ဖိလစ်ပိုင်စိုက်ပျိုးရေး သံမှူးမှပြောကြားခဲ့ပါသည်။ ရောမ၏ရင်းနှီး မြှုပ်နှံမှုအမေရိကန်ဒေါ်လာသန်း ၅၀ မှ ထပ်မံ၍ ဖိလစ်ပိုင်သရက်သီးတောင်သူ ၂၇,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက လိုအပ်သည့် အထောက်အပံ့များ ပေးခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News