တရုတ်အစိုးရက Export to China ကုန်သွယ်မှုမူဝါသစ်ချမှတ်ကာ ပြည်ပသွင်းကုန်များတိုးမြှင့် တင်သွင်းသွားမည်ဖြစ်ပါသည်။ တရုတ်အစိုးရသည် ၎င်းတို့ပြည်တွင်းဈေးကွက်လိုလားချက်အရ ပြည်ပမှ ကုန်စည်များကို တိုးမြှင့်တင်သွင်းသွားရန် ၂၀၂၆ ခုနှစ်တွင် Export to China ကုန်သွယ်ရေးမူဝါဒသစ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရပါသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ Guokee Bio-Tech Company Limited အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စပါး၊ ပြောင်းအပါအဝင် စိုက်ပျိုးသီးနှံများ၏ မျိုးစေ့များပိုမိုဖွံ့ဖြိုးကောင်းမွန်ပြီး မျိုးကောင်းမျိုးသန့်များရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပါသည်။
အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆန်စိုက်ပျိုးတင်ပို့လျက်ရှိသည့် ကုမ္ပဏီကြီးတစ်ခုခုနှင့် Business to Business(B2B) MoU စာချုပ်ချုပ်ဆို၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ၎င်းတို့မှ မျိုးစပါးများထောက်ပံ့၍ အဆိုပါမျိုးစပါးများကို မြန်မာနိုင်ငံတွင် တောင်သူများအား စည်းရုံးစိုက်ပျိုးစေပြီး ထွက်ရှိလာသည့်စပါးများကို မြန်မာနိုင်ငံတွင် ကြိတ်ခွဲပြီး ထွက်ရှိလာသည့် ဆန်များကို ၎င်းတို့ကုမ္ပဏီမှ ဝယ်ယူ၍ တရုတ်နိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။ လတ်တလောတွင် အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံ၊ နေပြည်တော်တွင် မြေပြန့်ယာ စပါးမျိုး (၄) မျိုးဖြစ်သည့် ယာ ၈၊ UPLRi ၊ ZKMUR-5 နှင့် M 20 စပါးမျိုးများကို စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး အဆိုပါစပါးမျိုးများသည် တရုတ်နိုင်ငံ၊ GACC တွင် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာဆန်၊ စပါးကုန်သည်ကြီးများအနေနှင့် အဆိုပါ Guokee Bio-Tech နှင့်ပူးပေါင်း၍ ၎င်းတို့မျိုးစပါးများကို ပြည်တွင်းတွင် စိုက်ပျိုး၍ ထွက်ရှိလာသည့် ဆန်များကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့လိုပါက [email protected] သို့လည်းကောင်း၊ Viber : 09 943602357 သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)