ဥရောပသမဂ္ဂ(EU)၏ လူစီးကားနှင့် အပေါ့စားကုန်တင်ကားများအတွက် တရုတ်နိုင်ငံမှ တင်သွင်းသည့်တာယာများအပေါ် တင်သွင်းမှုဆန့်ကျင်ရေးစုံစမ်းစစ်ဆေးမှု (anti-dumping investigation)နှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အလေးအနက်ထားစိုးရိမ်လျက်ရှိကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ He Yongqian က အကာအကွယ်ပေးသော ကုန်သွယ်မှုအလေ့အကျင့်များ(protectionist trade practices)သည် စားသုံးသူကို ဝန်ထုပ်ဝန်ပိုးပိုမိုစေရုံသာမက ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖန်တီးလျက်ရှိပြီး တန်ဖိုးမြင့် ကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ(value and supply chains)၏တည်ငြိမ်မှုနှင့် ချောမွေ့စွာ လည်ပတ်မှုတို့ကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ ဘက်ပေါင်းစုံအကျိုးစီးပွားကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကုန်သွယ်ရေးကုစားမှုနည်းလမ်းများကို သင့်တင့်မျှတစွာ သတိရှိရှိအသုံးပြုရန် အမြဲတမ်းတိုက်တွန်းလျက်ရှိပြီး ကုန်သွယ်ရေးကန့်သတ်မှုများမလုပ် ဆောင်မီ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများဖြင့် အပြန်အလှန်စိုးရိမ်မှုများကို ဖြေရှင်းသွားရန် ဥရောပသမဂ္ဂ(EU)သို့ တိုက်တွန်းထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ နောက်ပိုင်းလုပ်ဆောင်မှုများကို နီးကပ်စွာစောင့်ကြည့်သွားမည်ဖြစ်ပြီး တရုတ်လုပ်ငန်းများအတွက် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို အခိုင်အမာကာကွယ်သွားမည်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် ယခုနှစ်သည် တရုတ်-ဥရောပသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်း အမှတ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံအကြား လုပ်ငန်းအစီအစဉ်တွင် အရေးကြီးသောအချက်များပါဝင်နေကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် ဆက်လက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကွဲလွဲမှုများကို သင့်တင့်မျှတစွာကိုင်တွယ်ဖြေရှင်း၍ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-ဥရောပစီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုတို့ကို အပြုသဘောဆောင်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နှစ်နိုင်ငံဆက်ဆံရေး နှင့် ကမ္ဘာ့စီးပွားရေးအတွက် ပိုမိုသေချာသောနှင့် အပြုသဘောဆောင်သော အရှိန် အဟုန်များဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အရင်းအမြစ်။ https://en.people.cn/n3/2025/0530/c90000-20321721.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)