International News

ဂျပန်အစိုးရသည် လာမည့်နွေရာသီကာလအတွင်း စွမ်းအင်အသုံးစရိတ်များအပေါ်  ကာမိစေရန် အတွက် အရေးပေါ်ရန်ပုံငွေမှ ယန်း ၅၁၃.၅ဘီလီယံသုံးစွဲသွားမည်

Last Updated:

ဂျပန်နိုင်ငံအစိုးရသည် လာမည့်နွေရာသီကာလအတွင်း အိမ်ထောင်စုများ၏ စွမ်းအင်အသုံးစရိတ်များအပေါ် ကာမိစေရန်အတွက် အစိုးရ၏အရေးပေါ်ရန်ပုံငွေမှ ယန်း ၅၁၃.၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း The mainichi သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan gov't OKs 500 bil. yen use from reserve fund for energy bill subsidy” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအစိုးရသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် နိုင်ငံရှိအိမ်ထောင်စုများအပေါ် ထိခိုက်မှုကိုလျော့ပါးသက်သာစေရန် ရည်ရွယ်၍လာမည့်နွေရာသီကာလအတွင်း အိမ်ထောင်စုများ၏ စွမ်းအင်(လျှပ်စစ်နှင့် ဂတ်စ်)သုံးစွဲခပေးဆောင်မှုအပေါ် ထောက်ပံ့သည့်အစီအစဉ်ကို ပြန်လည်စတင်ရန်အတွက် ၂၀၂၆ ဘဏ္ဍာရေးနှစ်၏ အရေးပေါ်အရန်ရန်ပုံငွေမှ ယန်း ၅၁၃.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ၃.၂ဘီလီယံ)သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုပေးအပ်မည့် ထောက်ပံ့ကြေးများသည် လေအေးပေးစက်အသုံးများခြင်းကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်မားသည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လျှပ်စစ်နှင့် ဂတ်စ်ကုန်ကျစရိတ်များအပေါ် အကျုံးဝင်မည်ဖြစ်ပြီး၊ ပျမ်းမျှအိမ်ထောင်စုတစ်ခုလျှင် ယန်း ၅,၀၀၀ ခန့်သက်သာခွင့်ရရှိမည်ဖြစ်ရာ ယမန်နှစ်နွေရာသီက ပေးဆောင်ခဲ့ရသည့် စွမ်းအင်ကုန်ကျစရိတ်များထက် လျော့နည်း သက်သာစေမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရသည် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်မားဆုံးဖြစ်သည့် ဩဂုတ်လအတွက် စွမ်းအင်ကုန်ကျစရိတ် လျော့နည်းသက်သာစေရန်ဖြစ်ကြောင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးက အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် မော်တော်ကားများစွမ်းအင်ချွေတာရေးပြပွဲ၏သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအစိုးရသည် စွမ်းအင်ခများအပေါ် ထောက်ပံ့မှုများကို ၂၀၂၆ ဘဏ္ဍာရေး နှစ်အစတွင် အရန်ရန်ပုံငွေ ယန်း ၁ ထရီလီယံအထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် လျှပ်စစ်ဓာတ်အား ၁ ကီလိုဝပ်လျှင် ၃.၅ ယန်းနှုန်းနှင့် ဩဂုတ်လတွင် ၄.၅ ယန်းနှုန်းစီဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့သုံးစွဲမှုအတွက်မူ ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် ၁ ကုဗမီတာလျှင် ၁၄ ယန်းနှုန်းနှင့် ဩဂုတ်လတွင် ၁၈ ယန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်းက လေအေးပေးစက်နှင့် အပူပေးစက်သုံးစွဲရန်လိုအပ်ချက်မြင့်မားသည့် နွေရာသီနှင့် ဆောင်းရာသီကာလများတွင် လျှပ်စစ်နှင့်ဂတ်စ်သုံးစွဲခများအတွက် ထောက်ပံ့ကြေးများကို အခါအားလျော်စွာပေးအပ်လေ့ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိတွင်လည်း ထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါအစီအစဉ်ကို ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ကုန်စျေးနှုန်းများမြင့်တက်လာမှုအပေါ် ကုစားနိုင်ရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအစိုးရအနေဖြင့် စွမ်းအင်သုံးစွဲမှုအပေါ် လက်ရှိကာလအထိအတည်ပြုခဲ့သည့် နောက်ဆုံးရန်ပုံငွေအပါအဝင် စုစုပေါင်းရန်ပုံငွေယန်း ၅.၆ ထရီလီယံအထိထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်အခြေအနေများအတွက် ပုံမှန်ချန်လှပ်ထားရသည့် အရန်ရန်ပုံငွေကို ယန်း ၁ ထရီလီယံအထိပြန်လည်ဖြည့်တင်းရန်နှင့် ယခုသုံးစွဲလိုက်သည့် ယန်းဘီလီယံ ၅၀၀ ကျော်ကို ပြန်လည်ကာမိစေရန် ဂျပန်နိုင်ငံအစိုးရသည် ဖြည့်စွက်ရန်ပုံငွေအဖြစ် ယန်း ၃ ထရီလီယံကျော်ခွင့်ပြုပေးရန်အတွက် ဘဏ္ဍာရေးလျာထားချက်(မူကြမ်း)ကို လာမည့်ဇွန်လလယ်ပိုင်းခန့်တွင် တင်ပြရန်စီစဉ်နေကြောင်း၊ အဆိုပါဖြည့်စွက်ရန်ပုံငွေအား ၂၀၂၆ ခုနှစ်၊ မတ်လလယ်တွင်ပြန်လည်စတင်ခဲ့သည့် ဓာတ်ဆီတစ်လီတာလျှင် ဈေးနှုန်း ၁၇၀ ယန်းနှုန်းဖြင့် ထားရှိရောင်းချနိုင်ရေးအတွက် ထောက်ပံ့သည့်အစီ အစဉ်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: https://mainichi.jp/english/articles/20260526/p2g/00m/0na/010000c

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News