International News

ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံ အခွန်နှစ်ထပ်တားဆီးရေးစာချုပ်အသစ် ချုပ်ဆိုခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော သဘောတူညီချက် အဟောင်းကို အစားထိုး၍ အမြတ်ဝေစု၊ အတိုးနှင့် မူပိုင်ခွင့်ကြေးများအပေါ် အခွန်ပြဋ္ဌာန်းချက်များကို မွမ်းမံထားသည့် အခွန်နှစ်ထပ်တားဆီးရေးစာချုပ်အသစ်ကို ဖိလစ်ပိုင်သမ္မတ၏ ဂျပန်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုစာချုပ်အသစ်သည် တစ်ဦးချင်းနှင့် ကုမ္ပဏီများ တစ်ခုတည်းသော ဝင်ငွေအပေါ် နှစ်ထပ်အခွန်ဆောင်ရမည့်အန္တရာယ်ကို ဖယ်ရှားပေးမည့်အပြင် စီးပွားရေးလုပ်ကိုင်မှုကုန်ကျစရိတ်များကို လျှော့ချပေးပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုတည်ငြိမ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်-ဂျပန်အခွန်သဘောတူညီချက်အသစ်သည် နယ်စပ်ဖြတ်ကျော်အခွန်ကောက်ခံမှုများကို ပိုမိုရိုးရှင်းလွယ်ကူစေပြီး ဖိလစ်ပိုင်နှင့်ဂျပန်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် ပိုမိုတည်ငြိမ်၍ထိရောက်မှုရှိသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရှိ ဖိလစ်ပိုင်ပြည်ပရွှေ့ပြောင်းလုပ်သား ၂၄၅,၀၀၀ ကျော်ကိုလည်း အကျိုးပြုမည်ဖြစ်ကြောင်းနှင့်  ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများပိုမိုစီးဝင်လာစေရန် ရည်ရွယ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး Frederick D. Go က ယခုသဘောတူညီချက်သည် အစိုးရနှစ်ရပ်လုံး၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းမူဘောင်များကို ခေတ်မီဆန်းသစ်စေရန်အတွက် ၁၉၈၀ ပြည့်နှစ်တွင် မူလချုပ်ဆိုခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် တစ်စိတ်တစ်ပိုင်းပြင်ဆင်ခဲ့သည့် သဘောတူစာချုပ်ကို အစား ထိုးမည်ဖြစ်ကြောင်း၊ ဤသဘောတူညီချက်သည် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေချောမွေ့ စေပြီး အရည်အသွေးမြင့်အလုပ်အကိုင်များနှင့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဂျပန်သည် ဖိလစ်ပိုင်၏ ထိပ်တန်းနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် နှစ်စဉ်ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာသန်း ၈၀၀ ကျော်ရှိခဲ့သည်။

ယခုကဲ့သို့မွမ်းမံပြင်ဆင်လိုက်သည့် အခွန်ဆိုင်ရာမူဘောင်သည် ရင်းနှီးမြှုပ်နှံသူ များ၏ ယုံကြည်မှုကိုပိုမိုခိုင်မာလာစေမည့်အပြင် ဖိလစ်ပိုင်နှင့်ဂျပန်နိုင်ငံတို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုနက်ရှိုင်းလာစေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source:https://businessmirror.com.ph/2026/05/30/phl-japan-sign-renegotiated-treaty-against-double-taxation/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News