အီရန်စစ်ပွဲကြောင့် လောင်စာဈေးနှုန်းမြင့်တက်မှုနှင့် ဓာတ်မြေဩဇာရှားပါးမှုတို့ကြောင့် အာရှနိုင်ငံများရှိ လယ်သမားများသည် စိုက်ပျိုးဧရိယာကို လျှော့ချလာနေကြသဖြင့် ယခုနှစ်တွင် ဆန်ထုတ်လုပ်မှုလျော့နည်းမည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် အယ်လ်နီညိုသည်လည်း ကမ္ဘာ့အများဆုံး စားသုံးသည့် အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်ထုတ်လုပ်မှုကို ထပ်မံဖိအားပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆန်သည် ကမ္ဘာ့အစားအစာဖူလုံရေးအတွက် အလွန်အရေးပါပြီး ထောက်ပံ့မှုအနည်းငယ်ပြတ်တောက်မှုဖြစ်လျှင်ပင် နိုင်ငံများအတွင်း သက်ရောက်မှုများပြားစေနိုင်ကာ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အထူး သဖြင့် အာရှနှင့် အာဖရိကရှိ စားသုံးသူများအကြား မိသားစုအသုံးစရိတ်များကို ဖိအားဖြစ်စေနိုင်ပါသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့(FAO)က ၂၀၂၅-၂၆ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုကို ၂ ရာခိုင်နှုန်းတိုးတက်ပြီး စံချိန်တင်အမြင့်သို့ ရောက်ရှိမည်ဟု ဧပြီလတွင် ခန့်မှန်းခဲ့ပါသည်။
အီရန်စစ်ပွဲ၏သက်ရောက်မှုများသည် ထိပ်တန်းတင်ပို့နိုင်ငံများဖြစ်သည့် ထိုင်းနှင့်ဗီယက်နမ်တို့ရှိ လယ်သမားများအပြင် တင်သွင်းမှုအပေါ် မှီခိုနေသော ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ကိုလည်း ထိခိုက်စေကြောင်း စိုက်ပျိုးသူများနှင့်ကုန်သည်လုပ်ငန်းရှင်များက ပြောကြားထားပါသည်။ ယင်းစစ်ပွဲကြောင့် ကမ္ဘာ့စျေးကွက်များသို့ဆက်သွယ်ပေးသော အရေးပါသည့်ဟော်မုဇ်ရေလက်ကြားဖြတ်လမ်းမှ လောင်စာနှင့် ဓာတ်မြေဩဇာထောက်ပံ့မှုများလျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
အရှေ့တောင်အာရှတွင် အများစုသည် အသေးစားလုပ်ကိုင်သည့် လယ် သမားများဖြစ်ပြီး ယခုနှစ်ဒုတိယနှစ်ဝက်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပိုမိုပူပြင်း၍ မိုးနည်းသည့် အခြေအနေများဖြစ်ပေါ်လာမည်ဖြစ်သဖြင့် စိုက်ပျိုးရေးအတွက် ဖိအားများစွာရှိကြောင်း ဖော်ပြထားပါသည်။
"နိုင်ငံအချို့တွင် လယ်သမားများသည် ဆန်စိုက်ပျိုးမှုကို စတင်စိုက်ပျိုးလျက်ရှိပြီး ကုန်ကျစရိတ်မြင့်တက်နေခြင်းကြောင့် ထည့်သွင်းအသုံးပြုရသည့် အရင်းအမြစ်များကို လျှော့ချနေကြကြောင်း" FAO ၏စီးပွားရေးအကြီးအကဲ Maximo Torero က ပြောကြားထားပါသည်။ "ယခုနှစ် ဒုတိယနှစ်ဝက်နှင့် နောက်နှစ်အစပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှု ပိုမိုကြပ်တည်းလာမည်ကို တွေ့ရမည်ဖြစ်ကြောင်း" ယင်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
၂၀၀၈ ခုနှစ်တွင် ဆန်အဓိကတင်ပို့သည့် နိုင်ငံများက ပို့ကုန်ကန့်သတ်မှုများပြုလုပ်ခဲ့သဖြင့် ဆန်ဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ခန့်အထိ နှစ်ဆကျော်တက်သွားခဲ့ပြီး နိုင်ငံအချို့တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မကြာသေးမီကလည်း ၂၀၂၂ -၂၀၂၃ အတွင်း ထောက်ပံ့မှုဆိုင်ရာ တင်းကြပ်မှုများနှင့် အိန္ဒိယ၏ ပို့ကုန်ကန့်သတ်မှုများကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး စိုးရိမ်လွန်ပြီး အလုအယက်ဝယ်ယူမှုများ(Panic Buying)ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။
ထောက်ပံ့ရေးကွင်းဆက်ရှိ အခက်အခဲများ
လက်ရှိတွင် ဆန်တင်ပို့မှုများသည် ထောက်ပံ့ရေးကွင်းဆက်(Supply-Chain)ပိတ်ဆို့မှုများကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။
"ထောက်ပံ့ပို့ဆောင်ရေးသည် အလွန်ခက်ခဲလျက်ရှိပြီး အထူးသဖြင့် အာရှဒေသတွင် Polypropylene အိတ်များရှားပါးမှု၊ ဆန်ကို ဆိပ်ကမ်းများသို့ သယ်ဆောင်ရန်လိုအပ်သော ကုန်တင်ယာဉ်များမလုံလောက်ခြင်း၊ ထို့အပြင် သင်္ဘောတင်ပို့မှုများပါ အနှောင့်အယှက်ဖြစ်နေပါကြောင်း" ကမ္ဘာ့ဆန် ကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်နေသော စင်ကာပူအခြေစိုက် ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဓာတ်မြေဩဇာရှားပါးမှုနှင့် မိုးရေမလုံလောက်မှုများကြောင့် အရှေ့ တောင်အာရှတွင် ယခုလက်ရှိ ရိတ်သိမ်းနေသော သီးနှံထုတ်လုပ်မှုလျော့နည်းနေပြီး နောက်တစ်ကြိမ်စိုက်ပျိုးမည့် သီးနှံများတွင် ပိုမို ကြီးမားသော လျော့နည်းမှုများဖြစ်နိုင်ကြောင်း ခန့်မှန်းထားပါသည်။
အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့သည် ဇွန်လနှင့် ဇူလိုင်လများတွင် ဆန်ကို အဓိကစိုက်ပျိုးကြောင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှာ ယခုအချိန်တွင် ဒုတိယရာသီသီးနှံများကို စိုက်ပျိုးကြောင်းနှင့် အာရှနိုင်ငံအများစုသည် တစ်နှစ်လျှင် ဆန်သီးနှံ ၂ ကြိမ်မှ ၃ ကြိမ်အထိ စိုက်ပျိုးထုတ်လုပ်ကြောင်း ဖော်ပြထားပါသည်။
လယ်သမားများ စိုက်ပျိုးမှုလျှော့ချလာ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ဘက် ၁၅၁ ကီလိုမီတာ(၉၄ မိုင်)ခန့်အကွာရှိ ချိုင်နတ်ပြည်နယ်မှ လယ်သမားဖြစ်သူ Sripai Kaew-Eam က ဓာတ်မြေဩဇာနှင့် လောင်စာဈေးနှုန်းမြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် တစ်ရိုင်(၀.၄ ဧက)လျှင် ဘတ် ၆,၀၀၀(ဒေါ်လာ ၁၈၃.၉၉ ခန့်)အထိတက်လာကြောင်း ပြောကြားခဲ့ပါသည်။ ယခင်စိုက်ပျိုးမှုတွင် ဘတ် ၄,၅၀၀ မှ ၅,၀၀၀ ခန့်သာကုန်ကျခဲ့သော်လည်း ယခုအခါ ကုန်ကျစရိတ်များမြင့်တက်လာပြီး လက်ရှိစပါးဈေးနှုန်းမှာ တစ်တန်လျှင် ဘတ် ၆,၂၀၀ ခန့်သာရရှိနေကြောင်း ပြောကြားထားပါ သည်။
“ဓာတ်မြေဩဇာဈေးနှုန်းများသည် အိတ်တစ်အိတ်လျှင် ဘတ် ၈၅၀ မှ ယခုအခါ ဘတ် ၁,၀၀၀ မှ ၁,၂၀၀ အထိမြင့်တက်လာပြီး အသုံးပြုမှုကို တစ်ဝက်အထိလျှော့ချခဲ့ရပါကြောင်း၊ ဓာတ်မြေဩဈေးလည်းမြင့်၊ လောင်စာဈေးလည်းမြင့်နေပါကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်သော ဖိလစ်ပိုင်တွင်လည်း အလားတူအခြေအနေကို ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။
"လယ်သမားအချို့သည် စိုက်ပျိုးမှုမပြုလုပ်တော့ကြောင်း သို့မဟုတ် ဓာတ်မြေဩဇာအသုံးပြုမှုလျှော့ချမည်ဖြစ်ကြောင်း ပြောဆိုနေကြပြီး အဆိုပါကိစ္စရပ်သည် ထုတ်လုပ်မှုကို မလွဲမသွေလျော့နည်းစေမည်ဖြစ် ကြောင်း" Integrated Rural Development Foundation ၏အမှု ဆောင်ဒါရိုက်တာ Arze Glipo က ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ဆန်ထုတ်လုပ်မှုသည် ပုံမှန်တန်ချိန် ၁၉ သန်းမှ ၂၀ သန်းထုတ်လုပ်မှုမှ တန်ချိန် ၆ သန်းအထိလျော့နည်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။
"အဆိုပါအခြေအနေသည် ဖိလစ်ပိုင်အတွက် အန္တရာယ်ရှိသည့် အခြေ အနေတစ်ခုဖြစ်လာနိုင်ပါကြောင်း၊ တင်သွင်းမှုများကလည်း ပို့ကုန်ကန့်သတ်မှုများကြောင့် မသေချာတော့သည့်အတွက် ထုတ်လုပ်မှု လျော့နည်းခြင်းကို ဖြည့်ဆည်းရန် အလွန်ခက်ခဲလာမည်ဖြစ်ကြောင်း" Glipo က ထပ်လောင်း ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားတွင် ဓာတ်မြေဩဇာထောက်ပံ့မှုသည် အဓိကပြဿနာမဟုတ်သော်လည်း အယ်လ်နီညိုကြောင့် ထုတ်လုပ်မှုလျော့နည်းနိုင် သည်ဟု ခန့်မှန်းထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် မတ်လမှ မေလအတွင်း ဆန်ရိတ်သိမ်းဧရိယာသည် ၁၀.၆% လျော့နည်းကာ ဟက်တာ ၃.၈၅ သန်း(ဧက ၉.၅ သန်းခန့်)သို့ လျော့ကျမည်ဖြစ်ပြီး စပါးထုတ်လုပ်မှုသည်လည်း ၁၁.၁၂ % လျော့နည်းကာ တန်ချိန် ၂၀.၆၈ သန်းသို့ကျဆင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှား၏ စာရင်းအင်းဌာန၏ ခန့်မှန်းထားပါသည်။
ထောက်ပံ့မှုအပေါ် စိုးရိမ်မှုများရှိနေသော်လည်း ကမ္ဘာလုံးဆိုင်ရာအနေဖြင့် ယခင်နှစ်များတွင် ထုတ်လုပ်မှုကောင်းမွန်ခဲ့သဖြင့် ဆန်လက်ကျန်များ လုံလောက်စွာရှိနေကြောင်း၊ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင်လည်း စံချိန်တင် တန်ချိန် ၄၂ သန်းခန့်ရှိပြီး၊ အမေရိကန်စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ လက်ကျန်၏ ၅ပုံ ၁ပုံခန့်ဖြစ်ကြောင်း၊ ကမ္ဘာ့ထုတ်လုပ် မှုလျော့နည်းမှုကို တစ်စိတ်တစ်ပိုင်းကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။
“လက်ရှိတွင် ဆန်ဈေးနှုန်းများသည် တည်ငြိမ်နေသော်လည်း ဟော်မုဇ်ရေလက်ကြားအခြေအနေကို ချက်ချင်းပြန်လည်ဖြေရှင်းနိုင်ပါက ဈေးနှုန်းများတက်လာနိုင်ကြောင်း” FAO ၏စီးပွားရေးအကြီးအကဲ Maximo Torero က ပြောကြားထားပါသည်။
ယင်းရေလက်ကြားကို မကြာမီပြန်လည်ဖွင့်နိုင်ပါက ထောက်ပံ့မှုပြဿနာကို ရှောင်ရှားနိုင်မည်ဖြစ်သော်လည်း "နောက် ၂ ပတ်၊ ၃ ပတ်အတွင်းမဖွင့်နိုင်ပါက အခြေအနေသည် အလွန်ဆိုးရွားလာနိုင်ကြောင်း" ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
Source: World rice supply threatened by Iran war, El Nino, The Economic Times, May 1, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)