၃-၆-၂၀၂၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်အရ ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်လီဂျယ်မြောင်အား သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါသည်။ သမ္မတသစ်အနေဖြင့် ရင်ဆိုင်ဖြေရှင်းရမည့်ပြဿနာများစွာရှိနေသည့်အနက် ပထမဆုံးရင်ဆိုင်ဖြေရှင်းရမည့်စမ်းသပ်ချက်တစ်ခုမှာ “အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာထားသည့် သွင်းကုန်အပေါ်စည်းကြပ်ခွန်ကောက်ခံမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့် ညှိနှိုင်းအဖြေရှာရမည့်ကိစ္စ” ပင်ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် တောင်ကိုရီးယားနိုင်ငံမှတင်သွင်းလာမည့်သွင်းကုန် အားလုံးအပေါ်တွင် အပြန်အလှန်စည်းကြပ်ခွန်(Reciprocal Tariffs) ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကြေညာခဲ့ပါသည်။ သို့သော် အဆိုပါအစီအစဉ်ကို ရက်ပေါင်း(၉၀) ဆိုင်းငံ့ထားခဲ့ပါသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်အသစ်တစ်ခုချုပ်ဆိုသည်အထိ ဆွေးနွေးညှိနှိုင်းနိုင်ခြင်း မရှိပါက ရက်ပေါင်း(၉၀)ဆိုင်းငံ့ကာလအပြီးတွင် လက်ရှိကောက်ခံနေသော စည်း ကြပ်ခွန် ၁၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပါသည်။ အဆိုပါဆိုင်းငံ့ကာလသည် ၈-၇-၂၀၂၅ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
သို့ဖြစ်၍ ယင်းနေ့မတိုင်မီ အမေရိကန်ပြည်ထောင်စုနှင့် သဘောတူညီချက်တစ်ခုရရှိသည့်အထိ ညှိနှိုင်းရမည့်ကိစ္စသည် သမ္မတလီ၏ငါးနှစ်တာသမ္မတသက်တမ်းကာလအတွက် အစောဆုံးနှင့် အရည်အချင်းကိုဖော်ပြရမည့် သံတမန်ရေးရာစမ်းသပ်မှုတစ်ခုပင်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြ ပါသည်။
ယခင်သမ္မတများနှင့်မတူဘဲ ကူးပြောင်းကာလ (၂)လတာခံစားခွင့်မရသည့် သမ္မတလီသည် ရွေးကောက်ပွဲအဖြေရပြီးနောက်တစ်ရက်ဖြစ်သည့် ၄-၆-၂၀၂၄ ရက်နေ့တွင် သမ္မတတာဝန်ကို စတင် ထမ်းဆောင်ခဲ့ရပါသည်။ ရွေးကောက်ပွဲအဖြေမရခင် ၂-၆-၂၀၂၅ ရက်နေ့ကတည်းက “နိုင်ငံ၏အရေးအကြီးဆုံးပြဿနာမှာ စီးပွားရေးပင်ဖြစ်သည်” ဟုပြောကြားခဲ့သည့်အပြင် အမေရိကန်သမ္မတထရမ့်နှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များဆွေးနွေးရမည့်တာဝန်သည် အရေးအကြီးဆုံးကိစ္စပင်ဖြစ် ကြောင်း CBS Radio နှင့်တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်တွင် ဖြေကြားခဲ့ပါသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာဆွေးနွေးမှုများကို ဧပြီလကတည်းက စတင်ခဲ့ပြီး အဆင့်မြင့်အရာထမ်းများအကြား ဆွေးနွေးမှုများအပြင် ညွှန်ကြားရေးမှူးအဆင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ပါသည်။ စည်းကြပ်ခွန်ကိစ္စများနှင့် ကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများပါဝင်သည့် ဘက်စုံသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး၍ စည်းကြပ်ခွန်များလျှော့ချရန် (သို့) ကင်းလွတ်ခွင့်ပေးရန် တောင်ကိုရီးယားအစိုးရမှ တွန်းအားပေးညှိနှိုင်းလျက်ရှိသော်လည်း တောင်ကိုရီးယားနိုင်ငံတွင် သမ္မတနေရာလစ်လပ်နေသည့်အတွက် ဆွေးနွေးမှုအခြေအနေတိုးတက်မှုသည် နှေးကွေးလျက်ရှိပါသည်။
သွင်းကုန်စည်းကြပ်ခွန်ကိစ္စများနှင့်အတူ အကောက်ခွန်မဟုတ်သော အတားအဆီးများ(Non-Tariff Barriers)ကိစ္စလည်း ပေါ်ထွက်လာပြီး အဆိုပါပြဿနာများသည် ဆွေးနွေးမှုအခြေအနေ မတိုးတက်ရသည့် အကြောင်းရင်းများဖြစ်လာပါသည်။ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ပြည်ထောင်စုရှိ လ(၃၀)နှင့်အထက်အသက် အရွယ်နွားများမှ ထုတ်လုပ်သော အမဲသားများတင်သွင်းခွင့်ပိတ်ပင်ထားမှုနှင့် Google မှ တောင်ကိုရီးယားအစိုးရသို့ ခွင့်ပြုချက်တောင်းထားသည့်နိုင်ငံ၏ အရည် အသွေးမြင့် မြေပုံအချက်အလက်များ လွှဲပြောင်းပေးရေးကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ပါသည်။
ပို့ကုန်ကိုအားပြုနေရသည့် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာတင်းမာမှုများနှင့်သာမက ပြည်တွင်းနိုင်ငံရေးတင်းမာမှုများကိုပါ ခံစားနေရသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စု၏ Reciprocal Tariffs ကောက်ခံမှုအသက်ဝင်လာပါက နိုင်ငံ၏စီးပွားရေးအပေါ် များစွာထိခိုက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏အဓိကပို့ကုန်ပစ္စည်းများဖြစ်သည့် စတီးလ်နှင့်ကားများထုတ်လုပ်သည့်ကဏ္ဍများသည် ထိခိုက်မှုများမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။
Source: Korea Herald (https://m.koreaherald.com/article/10502380)
(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)