International News

အိန္ဒိယအနေဖြင့် ရုရှားရေနံစိမ်းအတွက် အခြားနိုင်ငံများမှ အစားထိုးဝယ်ယူနိုင်သော်လည်း ကုန်ကျစရိတ်ကြီးမည်ဟု ဆန်းစစ်သူများထောက်ပြ

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား၏အကြီးဆုံးရေနံကုမ္ပဏီကြီးနှစ်ခုကို ဒဏ်ခတ်အရေးယူမှုများချမှတ်ပြီးနောက် အိန္ဒိယရေနံချက်စက်ရုံများသည် ရုရှားရေနံစိမ်းဝယ်ယူမှုကို ရပ်တန့်သွားနိုင်ကြောင်း၊ သို့ရာတွင် ယင်းကြောင့်ကုန်ကျစရိတ်များလာမည်ဖြစ်ကြောင်း လေ့လာ ဆန်းစစ်သူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။  

အမေရိကန် - အိန္ဒိယကူးသန်းရောင်းဝယ်ရေးသဘောတူညီချက်တစ်ခုတွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ရုရှားရေနံသွင်းကုန်များလျှော့ချရန် အိန္ဒိယဝန်ကြီးချုပ်နရန်ဒြာမိုဒီက သဘောတူထားသည်ဟု ထရမ့်က ပြောကြားထားသော်လည်း အိန္ဒိယက ယင်းကိုအတည်ပြုချက် မပေးထားကြောင်း သိရှိရသည်။

ရုရှားမှ လျှော့ဈေးရေနံများဝယ်ယူခြင်းဖြင့် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို ငွေကြေးထောက်ပံ့ပေးနေသည်ဟု အမေရိကန်အရာရှိများက အိန္ဒိယအားစွပ်စွဲခဲ့ပြီး ထရမ့်က အမေရိကန်သို့ အိန္ဒိယတင်ပို့မှုများအတွက် အကောက်ခွန်ကို ၅၀ ရာခိုင်နှုန်းအထိမြှင့်တင်ခဲ့သည့်နောက် ဩဂုတ်လတွင် နှစ်နိုင်ငံဆက်ဆံရေး ကျဆင်းသွားခဲ့သည်။

အမေရိကန်၏ ယခုဒဏ်ခတ်အရေးယူမှုများကြေညာပြီးနောက် ရေနံစျေးနှုန်းများ ငါးရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ကြောင်း သိရှိရပြီး ONYX Capital မှ   Montepeque က AFP သို့ ပြောကြားရာတွင် "ပြန်လည်ချိန်ညှိခြင်းဆိုသည်မှာ အစားထိုးရေနံဆီများအတွက် ကုန်ကျ စရိတ်ပိုမိုမြင့်မားနေခြင်းဖြစ်ပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ရွေးချယ်စရာတစ်ခုဖြစ်ပြီး စျေးနှုန်းများလည်း မြင့်တက်လာနေကြောင်း" ပြောကြားခဲ့သည်။

ရုရှားရေနံစိမ်းအား အဓိကဝယ်ယူသူဖြစ်သည့် Reliance Industries က အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ   ဝယ်ယူမှုများကို ပြန်လည်ချိန်ညှိခြင်းဆောင်ရွက်ခဲ့သည်မှာ အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများမချမှတ်မီကပင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးရေနံစိမ်းတင်သွင်းသည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် အိန္ဒိယသည် ၎င်း၏ရေနံလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအတွက် နိုင်ငံခြားရောင်းချသူများအပေါ် မှီခိုနေရသည်။

ယခင်က အရှေ့အလယ်ပိုင်းဒေသထွက်ရေနံဆီများကို မှီခိုအားထားခဲ့ရသော်လည်း ၂၀၂၂ ခုနှစ်တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုလမ်းကြောင်းကျဉ်းသွားချိန်ကို အခွင့် ကောင်းယူကာ အိန္ဒိယသည် စျေးသိသိသာသာချိုသာသည့် ရုရှားရေနံစိမ်းများကို စတင်ဝယ်ယူခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အချက်အလက်များလေ့လာစောင့်ကြည့်ရေးအဖွဲ့ Kpler ၏ထုတ်ပြန်ချက်အရ အိန္ဒိယသည် စက်တင်ဘာလတွင် ရုရှားမှ နေ့စဉ် ရေနံစိမ်းစည်ပေါင်း ၁.၆ သန်းကျော်သွင်းယူခဲ့သည်။

ဒဏ်ခတ်မှုများချမှတ်ခါနီး အောက်တိုဘာ ၂၁ ရက်က ပြုလုပ်ခဲ့သော မှတ်ချက်တွင် Kpler က ယင်းစီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ သည် "သိသိသာသာကောင်းမွန်နေဆဲ" ဟုဖော်ပြခဲ့သည်။ "စီးပွားရေး၊ စာချုပ်ဆိုင်ရာနှင့် နည်းဗျူဟာမြောက်အကြောင်းပြချက်များကြောင့် ရုရှားရေနံသည် အိန္ဒိယ၏ စွမ်းအင်စနစ်ထဲတွင် နက်ရှိုင်းစွာအမြစ်တွယ်လျက်ရှိသည်" ဟု ၎င်းက ပြောကြားထားသည်။

ရုရှားရေနံစိမ်းသည် အိန္ဒိယအတွက် ဖွဲ့စည်းပုံအရ အလွန်အရေးကြီးဆဲဖြစ်ကြောင်း၊  ၎င်းသည် စုစုပေါင်းသွင်းကုန်၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး ရေနံချက်စက်ရုံများအတွက် လျစ်လျူရှု၍မရသော သိသိသာသာလျှော့ဈေးများပေးစွမ်းနေဆဲဖြစ်ကြောင်း ပြောကြားထားသည်။ သို့ရာ တွင် အိန္ဒိယချက်စက်ရုံများအနေဖြင့် ပြောင်းလဲဆောင်ရွက်ရန် နည်းပညာပိုင်းအရ ခက်ခဲမည်မဟုတ်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

စင်ကာပူအခြေစိုက် ရေနံစျေးကွက်ဆန်းစစ်သူ Vandana Hari က လိုအပ်ပါက အိန္ဒိယရေနံချက်စက်ရုံများသည် အလွယ်တကူပြောင်းလဲဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း အခြားတစ်ဘက်တွင် ရေနံချက်စက်ရုံများ၏ အမြတ်အစွန်းကို ဖိအားများဖြစ်လာစေနိုင်ကြောင်းနှင့် သွင်းကုန်ကုန်ကျစရိတ်များမြင့်တက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Hari က အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းမှုသည်ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုသော်လည်း ရေနံစျေးနှုန်း ၇၀ ဒေါ်လာမှ ၈၀ ဒေါ်လာအတွင်းသာရှိခဲ့လျှင် ကြုံတွေ့ရနိုင်သည့် စျေးကြီးမှုအဆင့်ထိ မရောက်နိုင်ပါဟု ပြောကြားခဲ့သည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal က ကြာသပတေးနေ့တွင် နိုင်ငံပိုင်မီဒီယာများမှ ဖော်ပြခဲ့သော မှတ်ချက်များတွင် အမေရိကန်နှင့် ဆွေးနွေးမှုများသည် တိုးတက်မှုရှိနေပြီး မကြာမီ အနာဂတ်တွင် တရားမျှတပြီး တန်းတူညီမျှသော သဘောတူညီချက်ရရှိရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လေ့လာဆန်းစစ်သူများက ကြာသပတေးနေ့တွင် ကူးသန်းရောင်းဝယ် ရေးသဘောတူညီချက်ရရှိပါက ရေနံစျေးနှုန်းမြင့်တက်မှုအတွက် မျှချေပြန်ဖြစ်သွားနိုင်ပါကြောင်း၊ ရုရှားမှ ရေနံတင်သွင်းမှုကို ပြန်လည်ချိန်ညှိခြင်း၏ ရေတိုကုန်ကျစရိတ်ထက် အမေရိကန်၏အခွန်(tariffs)လျှော့ချခြင်းမှ ရရှိမည့်အကျိုးကျေးဇူးက ပိုမိုကောင်းမွန်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားထားသည်။

Source: India can switch from Russian crude, but at a cost, The Economic Times, 24 October 2025

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News