International News

အိန္ဒိယသည် ဈေးကွက် ၂၆ ခုသို့ ဆန်တင်ပို့မှုမြှင့်တင်နိုင်ရန် ရှာဖွေနေကြောင်း APEDA ဥက္ကဋ္ဌ ပြောကြား

Last Updated:

ဆန်တင်ပို့မှုများ လျင်မြန်စွာဖြင့် ကြီးထွားလျက်ရှိပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယူကေနှင့် မက္ကဆီကိုတို့အပါအဝင် ကမ္ဘာ့ဈေးကွက် ၂၆ ခုသို့ တင်ပို့မှုများမြှင့်တင်နိုင်ရန် အိန္ဒိယနိုင်ငံအနေဖြင့် ရည်ရွယ်ထားကြောင်း APEDA ဥက္ကဋ္ဌ Abhishek Dev က သောကြာနေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုသည် စက်တင်ဘာလအတွင်း ၃၃.၁၈ ရာခိုင်နှုန်းတိုးတက်ကာ ဒေါ်လာ ၉၂၅ သန်းအထိရရှိခဲ့ကြောင်း၊ ဧပြီလ-စက်တင် ဘာကာလအတွင်း၌ ၁၀ ရာခိုင်နှုန်းတိုးတက်ကာ ဒေါ်လာ ၅.၆၃ ဘီလီယံအထိရရှိခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်းများတင်ပို့မှုမြှင့်တင်ရေးအာဏာ ပိုင်အဖွဲ့(Agri-cultural and Processed Food Products Export Development Authority - APEDA)သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခုဖြစ်ပြီး နိုင်ငံ၏စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများတင်ပို့မှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

အိန္ဒိယအပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံ(BIRC) 2025 အကြောင်း အခြေအနေရှင်းလင်းတင်ပြရာတွင် Dev က ၎င်းတို့သည် ဈေးကွက် ၂၆ ခုသို့ ဆန်တင်ပို့မှုများကိုတိုးချဲ့ရန် ရည်ရွယ်ထားပါကြောင်း၊  ထိုနိုင်ငံ ၂၆ ခုတွင် ဆော်ဒီအာရေးဗီးယား၊ ဗီယက်နမ်၊ အီရတ်၊ အမေရိကန်၊ မလေးရှား၊ တရုတ်၊ ပြင်သစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘရာဇီး၊ တောင်အာဖရိက၊ ဘယ်လ်ဂျီယမ်၊ ဂျပန်၊ ဂျာမနီနှင့် ကင်ညာနိုင်ငံများပါဝင်ပါကြောင်း၊ ယင်းနိုင်ငံများသည် ပါကစ္စတန်ကဲ့သို့သော အိန္ဒိယ၏ ပြိုင်ဘက်များထံမှ ဆန်အမြောက်အမြားတင်သွင်းနေသည့် နိုင်ငံများဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အိန္ဒိယ-နိုင်ငံတကာဆန်စပါးညီလာခံကို ၂ ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းကို Indian Rice Exporters' Federation(IREF)မှ APEDA နှင့်ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

Dev က ယခုညီလာခံသည် ကမ္ဘာ့ဆန်ကုန်သွယ်ရေးတွင် ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် ဒဏ်ခံနိုင်မှုတို့ကို မြှင့်တင်ရန်အတွက် ထုတ်လုပ်သူများ၊ တင်ပို့သူများ၊ တင်သွင်းသူများ၊ မူဝါဒချမှတ်သူများ၊ ငွေကြေးထောက်ပံ့သူများ၊ ကုန်သွယ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် အခြားဆက်စပ်ဝန်ဆောင်မှုပေးသူများအား စုစည်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဆန်ထုတ်လုပ်သူနှင့် တင်ပို့သူများထဲမှတစ်ဦးဖြစ်ပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံကျော်သို့ ဆန်တင်ပို့ပေးနေသဖြင့် BIRC 2025 သည် ပတ်သက်ဆက်နွယ်သူများ၊ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးကွင်းဆက်နှင့် သက်ဆိုင်သူများအား  ၎င်းတို့၏အခန်းကဏ္ဍကို ခိုင်မာစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်စေမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယခုအခမ်းအနားသို့ လယ်သမား ၃၀၀၀ ကျော်နှင့် လယ်သမားထုတ်လုပ်သူအဖွဲ့အစည်း(FPOs)များ၊နိုင်ငံပေါင်း ၈၀ ကျော်မှ ဝယ်လက် ၁၀၀၀ ကျော်နှင့် တင်ပို့သူ၊ စက်ရုံပိုင်ရှင်နှင့် ဆက်စပ်စက်မှု လုပ်ငန်းပေါင်း ၂,၅၀၀ ခန့်တက်ရောက်ကြမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရှိရသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုညီလာခံတွင် ဆန်တင်သွင်းမှုဈေးကွက်အသစ်များမှ ရူပီးဘီလီယံ ၁.၈၀ သိန်းရရှိရန်နှင့် ပို့ကုန်နားလည်မှုစာချွန်လွှာ ရူပီး  ၂၅၀၀၀ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း ပြောကြားထားသည်

အိန္ဒိယသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် စိုက်ဧကဟက်တာ ၄၇ သန်းနီးပါးမှ ဆန်တန်ချိန် ၁၅၀ သန်းခန့်ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ထွက်ရှိခဲ့သည်။

စပါးပျမ်းမျှအထွက်နှုန်းသည် ၂၀၁၄-၂၅ တွင် တစ်ဟက်တာလျှင် တန်ချိန် ၂.၇၂ တန်သာထွက်ရှိရာမှ ၂၀၂၄-၂၅ တွင် မျိုးစေ့မျိုးကွဲများတိုးတက်ကောင်းမွန်လာခြင်း၊ စိုက်ပျိုးရေးနည်းပညာများပိုမိုကောင်းမွန် လာခြင်းနှင့် ရေသွင်းဧရိယာကျယ်ပြန့်လာခြင်းတို့ကြောင့် တစ်ဟက်တာလျှင် တန်ချိန် ၃.၂ ခန့်အထိ တိုးတက်လာခဲ့ကြောင်း သိရှိရသည်။

Source: India looks to increase rice exports to 26 markets : APEDA Chairman, The Economic Times, 24 October, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News