International News

ဂျပန်နိုင်ငံမှ ပြည်ပသို့ သွားရောက်သည့်ခရီးစဉ်အရေအတွက် ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီ အချိန်ကာလ၏ ၇၀ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ပြည်ပသို့ ခရီးသွားလာမှုသည် ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီအချိန်ကာလ၏ ၇၀ ရာခိုင်နှုန်းပြန်လည်ရောက်ရှိခဲ့ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan outbound travel remains at 70% of pre-pandemic levels” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုသည် ပြန်လည်တိုးတက်လာကြောင်း၊ ဂျပန်နိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပသို့ ခရီး သွားလာမှုကို ကမ္ဘာ့ကပ်ရောဂါမဖြစ်ပွားမီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားလာမှုထက် ကျော်လွန်ရန်မျှော်မှန်းခဲ့ကြောင်း၊ သို့ရာ တွင် ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံသားများ၏ ပြည်ပခရီးစဉ်စုစုပေါင်း ၁၄.၇၃ သန်းသာရှိခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်က စံချိန်တင်ခဲ့သည့် ခရီးစဉ် ၂၀.၀၈ သန်းထက် လျော့နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအစိုးရသည် ၂၀၁၉ခုနှစ်အတွင်းသွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်အရေအတွက်ထက် ကျော်လွန်ရန် ရည်မှန်းချက်ကို ၂၀၃၀ ခုနှစ်သို့ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသားများ ပြည်ပသို့ ခရီးသွားလာခြင်းတိုးတက်လာစေရန်အတွက် ဂျပန်နိုင်ငံအစိုးရသည် ဇူလိုင်လ ၁ ရက် (သို့မဟုတ်) ယင်းနေ့နောက်ပိုင်းမှစတင်၍  နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများအတွက် ထုတ်ပေးခကို လျှော့ချပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လေကြောင်းလိုင်းများအနေဖြင့်  ၎င်းတို့၏ နိုင်ငံတကာပျံသန်းမည့်လမ်းကြောင်းများ ရေရှည်ထိန်းသိမ်းထားနိုင်ရန်မှာ ပြည်ပသို့ထွက်ခွာမည့် ခရီးသည်အရေအတွက်အတိုင်းအတာတစ်ခုအထိ ရှိနေရန်လိုအပ် ကြောင်း၊  ပြီးခဲ့သည့် ၇၆ နှစ်အတွင်း ကောက်ယူခဲ့သည့် အချက်အလက်များအရ ဂျပန်နိုင်ငံမှ ပြည်ပသို့သွားရောက်သည့်ခရီးစဉ်သည် ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါအဆိုးဆုံးအချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ်တွင် ဂျပန်မှ ပြည်ပသို့ ခရီးစဉ်သွားရောက်သည့် အရေ အတွက် ၅၁၀,၀၀၀ အထိကျဆင်းသွားခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၂ ခုနှစ်မှစတင်၍ ခရီးသွားကဏ္ဍပြန်လည်နာလန်ထူလာခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် ၁၃ သန်းအထိ တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

တိုကျိုမြို့မှ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုသည် ၁၉.၅ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဖူကူရှီးမားခရိုင်မှ ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှုသည် ၂၀၁၉ ခုနှစ်တွင် ၁၀၆,၀၀၀ ရှိခဲ့ရာမှ ၂၀၂၅  ခုနှစ်တွင် ၆၀,၀၀၀ အထိကျဆင်းခဲ့သည့်အတွက် ၄၃.၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာ ဂျပန်နိုင်ငံရှိ ခရိုင်များအနက် ပြည်ပသို့ ခရီးသွားအရေအတွက်အနည်းဆုံးဖြစ်ခဲ့ကြောင်း၊ လတ်တလောနှစ်များအတွင်း ပြည်ပသို့ ခရီးသွားအများဆုံးမှာ အသက် ၂၀ အရွယ်အမျိုးသမီးများဖြစ်ပြီး အသက် ၇၀နှင့်အထက် အမျိုးသားနှင့်အမျိုးသမီးများမှာမူ အခြားအသက်အရွယ်အုပ်စုများနှင့်နှိုင်းယှဉ်ပါက ပြည်ပသို့ ခရီးသွားလာမှုနည်းပါးကြောင်း ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့ ခရီးသွားမှုများ တဖြည်းဖြည်းချင်းပြန်လည်နာလန်ထူလာကြောင်း၊ သို့ရာတွင် ရေနံစိမ်းဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် လေကြောင်းလိုင်းများက နိုင်ငံ တကာလေကြောင်းခရီးစဉ်များတွင် လောင်စာဆီအတွက် ထပ်ဆောင်းကောက်ခံလာခြင်းကြောင့် ပြည်ပသို့ ခရီးသွားအရေအတွက်ကျဆင်းသွားနိုင်ကြောင်း၊ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားလုပ်ငန်းမှာမူ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်နေကြောင်း၊ ၂၀၂၅ ခုနှစ် အတွင်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်အရေအတွက် ၄၂.၄၃ သန်းကျော်လွန်ခဲ့သည်ဟု လူဝင်မှု ကြီးကြပ်ရေးဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားပါ သည်။

source: https://japantoday.com/category/national/japan-outbound-travel-remains-at-70-of-pre-pandemic-levels-amid-weak-yen

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News