သတ္တုနှင့် ပလတ်စတစ်ပစ္စည်းများကို ပြုပြင်ပြောင်းလဲပြန်လည်အသုံး ပြုမည့် လုပ်ငန်းများ၌ ဂျပန်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ယန်း ၁ ထရီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan to invest ¥ 1 trillion into recycling metals, plastics by 2030” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံအစိုးရသည် သတ္တုနှင့် ပလတ်စတစ်ကဲ့သို့သော အရင်းအမြစ်များပြုပြင်ပြောင်းလဲ၍ ပြန်လည်အသုံးပြုခြင်းဖြင့် စီးပွားရေးလည်ပတ်စီးဆင်းမှုတစ်ရပ်ပေါ်ထွန်းလာစေရန်ရည်ရွယ် ၍ ၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် ယန်း ၁ ထရီလီယံခန့်ရင်းနှီးမြှုပ်နှံသွားမည့် လုပ်ငန်းစီမံချက်ရေးဆွဲထားကြောင်း၊ အဆိုပါလုပ်ငန်းစီမံချက် သည် ပြည်ပနိုင်ငံများ၏ အရင်းအမြစ်များအပေါ် မှီခိုနေရမှုကိုလျှော့ချရန်နှင့်နိုင်ငံ၏စီးပွားရေးလုံခြုံစိတ်ချရမှုအပေါ် အထောက်အကူပြုစေရန်ရည်ရွယ်ထားခြင်းဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်စလုံးမှ ရင်းနှီး မြှုပ်နှံမှုများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံသည် မူဝါဒဆိုင်ရာအရင်းအမြစ်များအပေါ် အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိစေမည့် မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအစိုးရသည် အဓိကကျ သည့် စီးပွားရေးမူဝါဒနှင့် တိုးတက်မှုမဟာဗျူဟာ၌ ၂၀၃၀ ပြည့်နှစ်တွင် ကုန်ကြမ်းတစ်မျိုးချင်းစီအလိုက် ပံ့ပိုးပေးမည့်ပမာဏအား ထည့်သွင်းထားသည့်လုပ်ငန်းအစီအစဉ်ကိုပါ ထည့်သွင်းဖော်ပြသွားမည်ဖြစ် ကြောင်း၊ အဆိုပါလုပ်ငန်းစီမံချက်တွင် မြေရှားသတ္တုများမှ ရရှိသည့်ဒြပ်စင်များအား အသုံးပြုထုတ်လုပ်ရသည့် Permanent Magnets များထုတ်လုပ်ရာတွင် ၃၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ထားသည့်ပစ္စည်းများ အသုံးပြုထုတ်လုပ်ရန်ဖော်ပြထားကြောင်း၊ PET ပုလင်းကဲ့သို့သော ပလတ်စတစ် ထုတ်လုပ်မှုများတွင် ပြည်တွင်း၌ ပြုပြင်ပြောင်းလဲထုတ်လုပ်ထားသည့်ပစ္စည်းများပါဝင် ရမည့်ရာခိုင်နှုန်းကိုမူ ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ပြဌာန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)