စင်ကာပူ SME စင်တာများသည် လုပ်ငန်းတစ်ခုချင်း၏ လိုအပ်ချက်အလိုက် အကြံ ပေးဝန်ဆောင်မှုများ၊ ရှုပ်ထွေးသည့်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် မိတ်ဖက်များနှင့် ချိတ်ဆက်ပေးခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။
ကုန်သွယ်ရေးနှင့်စက်မှုဆိုင်ရာ ဝန်ကြီး Low Yen Ling က “အကြံပေးဝန်ဆောင်မှုများသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲမှုတို့အတွက် မှန်ကန်သည့်အရင်းအမြစ်များနှင့် လွယ်ကူစွာချိတ်ဆက်နိုင်စေမည်ဖြစ်ကြောင်း” SME Centre Conference 2025 တွင် ပြောကြားခဲ့ပါသည်။
SME စင်တာ ၁၀ ခုမှ နှစ်စဉ် အသေးစားနှင့် အလတ်စားလုပ်ငန်း ၂၅၀၀၀ ကို စီးပွား ရေးအကြံပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ SME စင်တာများမှ လုပ်ငန်းတစ်ခုချင်း၏ လိုအပ်ချက်အလိုက် အကြံပေးဝန်ဆောင်မှုများ၊ ပိုမိုပြီးပြည့်စုံသည့် အကြံဉာဏ်များပေးနိုင်ရန်အတွက် အကြံပေး ၇၀ ကျော်ကိုသင်တန်းပေးပြီးဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် အသေးစား နှင့် အလတ်စားလုပ်ငန်းများ၏ မျှော်မှန်းပန်းတိုင်များရရှိရေးအတွက် စီးပွားရေးဆိုင်ရာအကြံဉာဏ်များကို ပေးအပ်သွားမည်ဖြစ်ပါသည်။ အသေးစားနှင့် အလတ် စားလုပ်ငန်းများ၏ ဆောင်ရွက်နိုင်မှုကွာဟချက်များကို သိရှိနိုင်ရန်နှင့် အကြံပြုချက်များပေးနိုင်ရန်အတွက် ဒီဂျစ်တယ်အသုံးပြုမှုနှင့်အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်အစီအစဉ်များကို ဆောင်ရွက်မည်ဖြစ်ပါ သည်။
SME စင်တာများသည် အထူးအကူအညီလိုအပ်သည့်လုပ်ငန်းများကို လိုအပ်မှုအလိုက် သက်ဆိုင်သည့်မိတ်ဖက်လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပေးမည်ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အကူအညီဖြစ်စေမည့်အဖွဲ့အစည်းများမှာ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ အကူအညီပေးနိုင်မည့် SME Pro-Enterprise Office ၊ ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာများကို အကူအညီပေးမည့် Centre for the Future of Trade and Investment နှင့် Cefa တို့ဖြစ်ပါသည်။ Cefa ကို Enterprise Singapore ၊ စင်ကာပူစီးပွားရေးအသင်းတို့ပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ရှေ့လာမည့်လများတွင် စတင်မည်ဖြစ်ပါသည်။ Cefa သည် စင်ကာပူဘဏ်များအသင်း၏ အကူ အညီဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၏ ဘဏ္ဍာရေးကဏ္ဍခိုင်မာစေရေး အကူအညီပေးရန်ရည်ရွယ်ပါသည်။ Cefa သည် ဖွံ့ဖြိုးမှုအစီအစဉ်များနှင့်စပ်လျဉ်း ၍အကြံဉာဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာရွေးချယ်နိုင်မည့်နည်းလမ်းများ၊ ငွေကြေး ထောက်ပံ့သူများနှင့် ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အရေးများကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် ၎င်းစီးပွားရေး၏အဓိကမောင်းနှင်အားဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်သည့်အနေ ဖြင့် တိုးတက်ပြောင်းလဲလျက်ရှိသည့် စီးပွားရေးဝန်းကျင်နှင့်အမီလိုက်နိုင်စေရေးအတွက် ဒီဂျစ်တယ်ကို အသုံးချနိုင်စေရေး၊ လုပ်ငန်းလည်ပတ်ရန်အတွက် ဘဏ္ဍာငွေရရှိမှုသေချာစေရေး၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အကြံပြုပေးနိုင်ရေးစသည်တို့အတွက် SME စင်တာများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)