“လက်တင်အမေရိကဒေသသည် စင်ကာပူနိုင်ငံအတွက် ကုန်ထုတ်လုပ်မှု၊ တီထွင်ဆန်းသစ်မှု၊ အစိမ်းရောင်စီးပွား ရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှုတို့တွင် အခွင့်အလမ်းများရှိနေကြောင်း၊မသေချာမှုများနှင့်ကုန်သွယ်ရေးကသောင်းကနင်းဖြစ်ရပ်များအကြားတွင် စင်ကာပူနိုင်ငံ သည် လက်ရှိမိတ်ဖက်များနှင့်ဆက်လက်ချိတ်ဆက်မှုများဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိတ်ဖက်အသစ်များကိုလည်း ရှာဖွေရမည်ဖြစ်ကြောင်း” ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီး Alvin Tan က ၃၁-၇-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ကြောင်း The Business Times သတင်းစာတွင်ဖော်ပြပါရှိပါသည်။
ဒုတိယဝန်ကြီး Alvin Tan က Singapore Business Federation LatAm Conference တွင် လက်တင်အမေရိကဒေသနှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုကို အချက် ၄ ချက်ဖြင့် ပြောကြားခဲ့ပါ သည်။ “ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လက်တင်အမေရိကဒေသသည် နည်းပညာလွှဲပြောင်းနိုင်မှု၊ ဖက်စပ်ဆောင်ရွက်မှု၊ တန်ဖိုးကွင်းဆက်ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အလားအလာရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုအခြေခံအနေအထားရှိကြောင်း၊ မက်ဆီကိုနိုင်ငံသည် ကြီးမားသည့် ပြည်တွင်းဈေးကွက်ရှိပြီး အမေရိကအလယ်ပိုင်းဒေသဈေးကွက်အတွက် အခြေပြုနိုင်သည့်နိုင်ငံဖြစ်ကြောင်း၊ ကိုစကာရီကာနိုင်ငံသည် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး အထူးသဖြင့် ဆေးပစ္စည်းကိရိယာများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့်နိုင်ငံဖြစ် ကြောင်း၊ စင်ကာပူနိုင်ငံနှင့် လက်တင်အမေရိကဒေသအကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ကြောင်း၊ လက်တင်အမေရိကဒေသတွင် e-commerce၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနည်းပညာ၊ ရာသီဥတုဆိုင်ရာနည်းပညာ၊ ကျန်းမာရေးကဏ္ဍအတွက် AI အက်ပလီကေးရှင်းများစသည်တို့တွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ လက်တင်အမေရိကဒေသတွင် စွမ်းအင်၏ ၆၅ ရာခိုင်နှုန်းမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့်အတွက် အစိမ်းရောင်စီးပွား ရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ ဘရာဇီးနိုင်ငံသည် လေအားနှင့် ဆိုလာမှလျှပ်စစ်ထုတ်လုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှုအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်တွင်းစိုက်ပျိုးရေးစားသောက်ကုန်လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ ဖန်တီးနိုင်ရန် လက်တင်အမေရိကဒေသနှင့်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း” ပြောကြားခဲ့ပါ သည်။
“၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံနှင့် လက်တင်အမေရိကဒေသအကြား ကုန်စည်ကုန်သွယ်ရေးမှာ ၃၅.၃ ဘီလီယံရှိခဲ့ကြောင်း၊ Pacific Alliance – Singapore Free Trade Agreement သည် ၂၀၂၅ ခုနှစ်၊ မေလတွင် စင်ကာပူနိုင်ငံ၊ ချီလီနိုင်ငံ၊ ပီရူးနိုင်ငံတို့အကြား အသက်ဝင်ခဲ့ပြီး ကိုလံဘီယာနိုင်ငံနှင့် မက်ဆီကိုနိုင်ငံတို့မှ အတည်ပြုလုပ်ငန်းစဉ် ကျန်ရှိနေဆဲဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် Mercosur-Singapore FTA ကို အသက်ဝင်စေရေး မျှော်လင့်ကြောင်း၊ Mercosur-Singapore FTA သည် စင်ကာပူစီးပွားရေးလုပ်ငန်းများနှင့် တောင်အမေရိကဒေသအကြား ဈေးကွက်အသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း” အလေးထားပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)