International News

ဂျပန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၃၈ ရာခိုင်နှုန်းတွင် ၄ နှစ်ဆက်တိုက်ရပ်တည်လျက်ရှိ

Last Updated:

ဂျပန်နိုင်ငံ၏ ကယ်လိုရီအခြေပြုစားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ပြောင်းလဲမှုမရှိဘဲ ၃၈ ရာခိုင်နှုန်းတွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း ၁၄-၁၀-၂၀၂၅ ရက်နေ့ထုတ် The NHK World Japan သတင်းစာတွင် “Japan’s food self-sufficiency rate remains at 38% for 4th straight year” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ဂျပန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၄ နှစ်ဆက်တိုက် ပြောင်းလဲမှုမရှိခဲ့ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကိုယ်ပိုင်စားနပ်ရိက္ခာဖူလုံမှုအချိုးကို ၄၅ ရာခိုင်နှုန်းသို့ရောက်ရှိရန် ကြိုးပမ်းလျက်ရှိသော်လည်း ဂျပန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၁၀ နှစ်ကျော်ကြာ ၄၀ ရာခိုင် နှုန်းအောက်သို့ ရောက်ရှိလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ပြည်တွင်း၌ ထုတ်လုပ်သည့်ဆန်ကို အများဆုံးစားသုံးလျက်ရှိပြီး ဆန်စားသုံးမှုမှာ မြင့်တက်လာလျက်ရှိကြောင်း၊သို့သော် ဂျုံနှင့်ပဲပိစပ်ထုတ်လုပ်မှုမှာ ကျဆင်းလာလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ ဆန်ဖူလုံမှုအချိုးမှာ ၉၉ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်ဖူလုံမှုအချိုးမှာ ၇၅ ရာခိုင်နှုန်း၊ ရေထွက်ကုန်ဖူလုံမှုအချိုးမှာ ၄၇ ရာခိုင်နှုန်း၊ သကြားဖူလုံမှုအချိုးမှာ ၃၂ ရာခိုင်နှုန်း၊ မွေးမြူရေးထုတ်ကုန်ဖူလုံမှုအချိုးမှာ ၁၇ ရာခိုင်နှုန်းနှင့် ဂျုံဖူလုံမှုအချိုးမှာ ၁၆ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါ သည်။

ပြည်တွင်း၌ ဆန်ထုတ်လုပ်မှုနှင့်ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုမြင့်မားခဲ့ခြင်းကြောင့် ထုတ်လုပ်မှုတန်ဖိုးအပေါ် အခြေခံသည့် ဂျပန်ပြည်တွင်းထုတ်စားသောက်ကုန်များမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၆၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News