အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာမရေမရာမှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတင်ပို့မှုသည် ၂၀၂၄-၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁.၁၂ ဘီလီယံမှ ၂၀၂၅-၂၆ ခုနှစ်တွင် ၂.၈ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၅၂.၅၅ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
စိုက်ပျိုးရေးနှင့် ဆက်စပ်ထုတ်ကုန်များသည် လယ်ယာထုတ်ကုန်ကဏ္ဍကို ဆက်လက်ခိုင်မာစေခဲ့ပြီး ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးတင်ပို့မှုများသည် ခိုင်မာသောအရှိန်အဟုန်ကိုပေးစွမ်းခဲ့ကာ ဝင်ငွေရရှိမှုတိုးတက်လာခြင်းနှင့်နိုင်ငံတကာဝယ်လို အားတည်ငြိမ်လာခြင်းကို ထင်ဟပ်စေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပဲမျိုးစုံတင်ပို့မှုသည် ၂၁.၈၃ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၉၄၈.၁၁ သန်းရှိခဲ့ပြီး ကမ္ဘာ့ပရိုတင်းလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အိန္ဒိယ ၏အဓိကနေရာတွင် တည်ရှိမှုကို ညွှန်ပြနေသည်။ သစ်သီးဝလံတင်ပို့မှုသည်လည်း တည်ငြိမ်သော ဝယ်လိုအားနှင့် ထောက်ပံ့ရေးကွင်းဆက်များတိုးတက်လာခြင်းကြောင့် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ၁၂.၈၉ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလီယံရှိခဲ့ကြောင်းဖော်ပြထားပါသည်။
ထို့အပြင် ဟင်းသီးဟင်းရွက်ဆီတင်ပို့မှုသည် ၁၅.၈၈ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၃၂.၁၅ သန်းရရှိခဲ့ပါကြောင်း၊ ကောက်ပဲသီးနှံဖြင့်ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၁.၀၁ ဘီလီယံကျော်ရရှိခဲ့ကာ ၇.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး တန်ဖိုးမြင့်စိုက်ပျိုးရေးပို့ကုန်များထုတ်လုပ်တင်ပို့နိုင်မှုကို မီးမောင်းထိုးပြနေကြောင်း ဖော်ပြထားပါသည်။
သီဟိုဠ်စေ့တင်ပို့မှုသည် ၁၂.၂၁ ရာခိုင်နှုန်းတိုးတက်လာကာ အမေရိကန်ဒေါ်လာ ၃၇၉.၅၁ သန်းရရှိခဲ့ပါကြောင်း၊ ကိုကိုးထုတ်ကုန်များမှာမူ အမေရိကန်ဒေါ်လာ ၃၁၇.၉၇ သန်းအထိမြင့်တက်လာကာ ၇.၅၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ အလားတူပင် အခြားဆီထွက်သီးနှံများသည်လည်း ၈၄.၃၉ ရာခိုင်နှုန်းတိုးတက်မှုရရှိခဲ့ကာ ဂျုံတင်ပို့မှုကဲ့သို့သော သေးငယ်သောထုတ်လုပ်မှုကဏ္ဍပင်လျှင် အမေရိကန်ဒေါ်လာ ၁၀.၃၁ သန်းအထိမြင့်တက်လာပြီး ဈေးကွက်ပြန်လည်ရရှိလာကြောင်း ဖော်ပြထားပါသည်။
အသင့်ပြုပြင်ထားသောအစားအစာကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁.၇၁ ဘီလီယံရှိခြင်းသည် ပို့ကုန်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရာတွင် တန်ဖိုးမြှင့်တင်မှုနှင့် အစားအစာပြုပြင်ထုတ်လုပ်မှု၏ အခန်းကဏ္ဍကို ပေါ်လွင်စေကြောင်း ဖော်ပြထားပါသည်။
Source: Agriculture exports up 2.8 pc to USD 52.55 bn in 2025-26, The Economic Times, April 22, 2026.
(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)