ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပတ်ဝန်းကျင် ပြောင်းလဲလာနေချိန်တွင် EU နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)သည် ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးလာကြောင်း ဘဏ်များက သုံးသပ်ထား သည်။ ထိုသဘောတူညီချက်သည် အခွန်လျှော့ချခြင်း၊ ကုန်ပစ္စည်းဝင်ရောက်ခွင့်တိုးချဲ့ခြင်းနှင့် ထိုင်းကုန်ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။
အထူးသဖြင့် ထိုင်းနိုင်ငံ၏ အဓိကတင်ပို့ကုန်များဖြစ်သော အထည် အလိပ်၊ ပင်လယ်စာ၊ ရတနာနှင့် လက်ဝတ်ရတနာ၊ စက်ပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများ၊ အစားအစာပြုပြင်ထုတ်လုပ်မှုတို့သည် EU စျေးကွက်တွင် အခွန်လျှော့ချမှုများကြောင့် အကျိုးခံစားနိုင်မည်ဟု ဖော်ပြထားပါသည်။
EU–India FTA ကြောင့် ယှဉ်ပြိုင်မှု ပိုတိုးလာနိုင်
တစ်ချိန်တည်းတွင် India နှင့် EU တို့အကြား FTA ဆွေးနွေးမှုများလည်း တိုးတက်နေပြီး အကယ်၍ EU–India FTA အကောင်အထည်ဖော်ပါက ထိုင်းနိုင်ငံအတွက် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးထားသည်။
EU–India FTA အကောင်အထည်ဖော်လျှင် အထည်အလိပ်၊ လက်ဝတ်ရတနာ၊ စိုက်ပျိုးရေးထွက်ကုန်၊ အစားအစာပြုပြင်ထုတ်လုပ်မှု စသည့်ကဏ္ဍများတွင် အိန္ဒိယသည် ထိုင်းနှင့်တိုက်ရိုက်ယှဉ်ပြိုင်လာနိုင်ကြောင်း သုံးသပ်ထားပါသည်။
ထိုင်းဘဏ်များ၏ သုံးသပ်ချက်
ထိုင်းဘဏ်များအနေဖြင့် EU နှင့် FTA သည် တင်ပို့မှု တိုးတက်စေခြင်း၊ စီးပွားရေးတိုးတက်မှုမြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်စေခြင်းစသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သုံးသပ်ထားသည်။
ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ရန်၊ ထုတ်လုပ် မှုအရည်အသွေးမြှင့်တင်ရန်၊ EU စံနှုန်းများနှင့် ကိုက်ညီရန်လိုအပ် ကြောင်းလည်း ဖော်ပြထားသည်။
စီးပွားရေးအလားအလာ
EU စျေးကွက်သည် ကမ္ဘာ့အကြီးဆုံးစျေးကွက်များထဲမှတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအတွက် စျေးကွက်အသစ်များဖွင့်လှစ်ခြင်း၊ တင်ပို့ကုန်တိုးချဲ့နိုင်ခြင်း၊ စီးပွားရေးတိုးတက်မှုမြှင့်တင်ခြင်းတို့အတွက် အရေးပါသော အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သည်ဟု သုံးသပ်ထားပါသည်။
သို့သော် EU–India FTA အပြိုင်ဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်၊ ကုန်ပစ္စည်းအရည်အသွေးတိုးတက်ရန်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်လာမည်ဟု Bangkok Post သတင်းတွင် ဖော်ပြထားပါသည်။
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)