International News

အိန္ဒိယသည် ထရမ့်၏ကုန်သွယ်မှုဆိုင်ရာ အခွန်စည်းကြပ်မှုများမှ ရှောင်ရှားနိုင်ရန် ပို့ကုန်လုပ်ငန်းရှင်များအား ကိုယ်ပိုင်အမှတ်တံဆိပ်များတည်ဆောက်ရန် တိုက်တွန်း

Last Updated:

အိန္ဒိယအစိုးရသည် အမေရိကန်ပြည်ထောင်စုမှစည်းကြပ်သည့် ၂၅ ရာခိုင်နှုန်းသော ကုန်သွယ်ခွန်ဒဏ်ကို ရင်ဆိုင်နိုင်ရန် ပို့ကုန်လုပ်ငန်းများအား ပြည်တွင်းဖြစ် အမှတ်တံဆိပ်များတည်ဆောက်ရန် အားပေးလျက်ရှိကြောင်းသိရှိရသည်။ ထို့အပြင် ပင်လယ်ထွက်ကုန်ကဲ့သို့သောအချို့သော ပို့ကုန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ချိတ်ဆက်ထားသည့်အစီအစဉ်တစ်ရပ်နှင့်ပတ်သက်၍လည်း စက်မှုလုပ်ငန်းများထံ မှအကြံပြုချက်များကို တောင်းခံထားကြောင်းနှင့် လက်ရှိတွင် အဆိုပါပင်လယ်ထွက်ကုန်များသည် အမေရိကန်၏ မြင့်မားသောအခွန်နှုန်းထားများကြောင့် အီကွေဒေါနိုင်ငံ၏ ဈေးကွက်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

အမေရိကန်၏ကုန်သွယ်ခွန်များကြောင့် အိန္ဒိယတင်ပို့ကုန်များအပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများအတွက် တင်ပို့သူများ၏ စိုးရိမ်မှုများကိုသက်သာစေရန် Export Inspection Council(ပို့ကုန်စစ်ဆေးရေးကောင်စီ)မှ ပို့ကုန်လုပ်ငန်းရှင်ငယ်များ(smaller exporters)အပေါ် ကောက်ခံသော အခွန်အခများလျှော့ချခြင်းကိုလည်းစဉ်းစားနိုင်ကြောင်း အရာရှိများက ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်ကုန်သွယ်ခွန်များ၏ ဖိအားအောက်တွင် အစိုးရထောက်ပံ့မှုများအပေါ် မှီခိုနေရခြင်းမှ လွတ်မြောက်ရန် အိန္ဒိယတင်ပို့သူများအတွက် ကိုယ်ပိုင်အမှတ်တံဆိပ်များတည်ဆောက်ခြင်းနှင့် မြှင့်တင်ခြင်းများပြုလုပ်ရန် အလွန်အရေးကြီးသည်ဟု အရာရှိတစ်ဦးက ရှင်းပြခဲ့သည်။ ထို့ပြင် ယင်းအမှတ်တံဆိပ်မြှင့်တင်ရေးလုပ်ငန်းကို ပို့ကုန်မြှင့်တင်ရေးကောင်စီများနှင့် India Brand Equity Foundation (အိန္ဒိယအမှတ်တံဆိပ်တန်ဖိုးဖောင်ဒေးရှင်း)တို့ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ဩဂုတ်လ ၇ ရက်နေ့မှစ၍ အိန္ဒိယမှတင်ပို့သောကုန်စည်အားလုံးကို သတ်မှတ်ထားခြင်းမရှိသေးသောအခြားဒဏ်ငွေများနှင့်အတူ ၂၅% ကုန်သွယ်ခွန်စည်းကြပ်မည်ဖြစ်ပြီး အိန္ဒိယနှင့် ယှဉ်ပြိုင်ဘက်နိုင်ငံများဖြစ်သော ပါကစ္စတန်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံများမှာမူ ၁၅-၂၀% အတွင်းသာ ကုန်သွယ်ခွန်စည်းကြပ်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုကဲ့သို့မြင့်မားသောကုန်သွယ်ခွန်သည် အမေရိကန်သို့ ဒေါ်လာ ၈၅ ဘီလီယံကျော်တင်ပို့နေသည့် အိန္ဒိယတင်ပို့ကုန်များ၏ တစ်ဝက်နီးပါးကို ထိခိုက်စေနိုင်ကြောင်း၊  အထူးသဖြင့် အိန္ဒိယ၏ ပြိုင်ဘက်နိုင်ငံများတွင် သက်သာသောကုန်သွယ်ခွန်များကြောင့်၊ တီရှပ်နှင့် အိမ်သုံးအထည် အလိပ်များကဲ့သို့သော ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိ အထည်အလိပ်ကဏ္ဍသည် အဆိုးရွားဆုံးထိခိုက်မည့်ကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပင်လယ်စာထွက်ကုန်လုပ်ငန်းကဲ့သို့သော ကဏ္ဍများအား အလုပ်သမားခန့်ထားမှုတိုးတက်မှုအပေါ်အခြေခံသည့် အထူးအစီအစဉ်များရေးဆွဲနိုင်ခြင်း ရှိ/မရှိအကြံဉာဏ်တောင်းခံထားကြောင်း၊ ယင်းသို့ဆောင်ရွက်ရသည့် အကြောင်းရင်းမှာ ပုဇွန်ထုတ်လုပ်မှုတွင် အဓိကနိုင်ငံတစ်ခုဖြစ်သည့် အီကွေဒေါနိုင်ငံအနေဖြင့် အိန္ဒိယထက် ပိုမိုသက်သာသော ၁၅% ကုန်သွယ်ခွန်သာ ရင်ဆိုင်ရမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ပို့ကုန်မြှင့်တင်ရေးအဖွဲ့အစည်းတစ်ခု၏ပြောရေးဆိုခွင့်ရှိသူက "အိန္ဒိယအနေဖြင့် ၂၅% ကုန်သွယ်ခွန်နှင့် အခြားဒဏ်ငွေများကို ရင်ဆိုင်နေရသော်လည်း အခြားနိုင်ငံများအတွက် လျင်မြန်စွာထုတ်လုပ်မှုစွမ်းရည်များမြှင့်တင်ရန်မလွယ်ကူဟု ယူဆရပါကြောင်း၊ ဖောက်သည်များကလည်း အီကွေဒေါသို့ တစ်ညထဲနှင့်ပြောင်းရွှေ့ရန်မဖြစ်နိုင်ကြောင်း၊ ထို့အပြင် ယခုအခွန်နှုန်းများကြောင့် အိန္ဒိယ-အမေရိကန်နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးမှုများ မကြာမီအဆုံးသတ်နိုင်မည့်အလားအလာကို လျော့နည်းစေကြောင်း မှတ်ချက်ပြုခဲ့သည်။

အိန္ဒိယအစိုးရသည် အဆိုပြုထားသောပို့ကုန်မြှင့်တင်ရေးအစီအစဉ်အောက်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)တင်ပို့သူများအတွက် ချေးငွေအပေါ် အတိုးနှုန်းအား အစိုးရ က ထောက်ပံ့မှုပေးခြင်းကို ပြန်လည်အသက်သွင်းရန် အဆိုတစ်ရပ်ကိုလည်းစဉ်းစားလျက်ရှိကြောင်း၊ တင်ပို့သူတစ်ဦးဦးက ကုန်ကြမ်းအဖြစ် ဂျုံ သို့မဟုတ် ဆန်ကိုလိုအပ်ပါက အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်းက သတ်မှတ်ထားသောဈေးနှုန်းဖြင့် ထုတ်ပေးနိုင်ကြောင်း ဝန်ကြီးဌာနက အဆိုပြုထားပါသည်" ဟု အစားအသောက်ထုတ်ကုန်တင်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။

Source: Exporters urged to build brands as a way around Trump tariffs, The Economic Times, August 3, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News