သမ္မတ Donald Trump ၏ ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သောအမိန့်အရ အမေရိကန်သည် အိန္ဒိယနိုင်ငံမှကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံသွားမည် ဖြစ်ကြောင်း Global Trade Research Initiative(GTRI)၏အစီရင်ခံစာအရ သိရသည်။
ယင်းအမိန့်သည် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ်တစ်ရပ် ရရှိသည်အထိ အသက်ဝင်နေမည်ဖြစ်ပြီး၊ အမေရိကန်သမ္မတမှ နောက်တစ်ကြိမ်အမိန့်အသစ်တစ်ရပ် ထုတ်ပြန်သည်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းသိရပြီး အမေရိကန်၏ အိန္ဒိယနိုင်ငံအပေါ် ချမှတ်သည့် အခွန်နှုန်းထားသည် ယခုကာလအတွင်း အပြင်းထန်ဆုံးကုန်သွယ်မှုလုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း GTRI မှ မှတ်ချက်ပြုခဲ့သည်။
အိန္ဒိယ၏ ကုန်ပစ္စည်းအားလုံးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်မှ စတင်၍ အမေရိကန်၏အခွန် ၂၅% ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယင်းနှုန်းထားသည် အကောက်ခွန်စံနှုန်းဖြစ်သည့် MFN စည်းကြပ်ခွန်များထက် ကျော်လွန်နေပါကြောင်းနှင့် အိန္ဒိယသည် ကုန်ပစ္စည်း သို့မဟုတ် ကဏ္ဍအလိုက် ကုန်ပစ္စည်းအားလုံးတွင် ခြွင်းချက်မရှိ အခွန် ၂၅% ပေးဆောင်ရမည်ဖြစ်ကြောင်း GTRI ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဆေးဝါး၊ရေနံစိမ်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများကဲ့သို့သော အရေးကြီး သောကဏ္ဍများအတွက် အခွန်ကင်းလွတ်ခွင့်များမရရှိသည့်အတွက် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယမှ အမေရိကန်သို့ တင်ပို့သည့် ရေနံထွက်ကုန်များ(အမေရိကန် ဒေါ်လာ ၄.၁ ဘီလီယံ)၊ စမတ်ဖုန်း(အမေရိကန်ဒေါ်လာ ၁၀.၉ ဘီလီယံ)နှင့် ဆေးဝါးများ(အမေရိကန်ဒေါ်လာ ၉.၈ ဘီလီယံ)တို့အပေါ် ဆိုးရွားစွာထိခိုက်စေမည်ဖြစ်ကြောင်းဖော်ပြထား သည်။
အင်ဂျင်နီယာကုန်ပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့် အထည်အလိပ်များကဲ့သို့သော အခြားသောကဏ္ဍများသည်လည်း မြင့်မားသောအခွန် စည်းကြပ်မှု၏ ဒဏ်ကိုရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ GTRI ၏ ခန့်မှန်းချက်များအရ အိန္ဒိယ၏ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆.၅ ဘီလီယံမှ ၂၀၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၀.၆ ဘီလီယံအထိ ၃၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း သုံးသပ်ထားသည်။
အမေရိကန်သည် အဓိကထုတ်ကုန်အမျိုးအစားများစွာအတွက် ကုန်သွယ်ရေးသဘောတူညီချက်ရရှိထားသည့် ကုန်သွယ်ဖက်နိုင်ငံများကိုမူ အခွန်ကင်းလွတ်ခွင့်များပေးအပ်ထားပြီး ၎င်းတို့တွင် ဆေးဝါး ကုန်ချောပစ္စည်းများ၊ ဆေးဝါးအာနိသင်ပါဝင်သည့်ပစ္စည်းများ(APIs)နှင့် အခြားမရှိမဖြစ်လိုအပ်သော ဆေးဝါးသွင်းအားစုများပါဝင်ပြီး၊ ရေနံစိမ်း၊ သန့်စင်ပြီးလောင်စာဆီများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့သော စွမ်းအင်ထုတ်ကုန်များ၊ အရေးပါသောဓာတ်သတ္တုများ၊ စမတ်ဖုန်းများ၊ တက်ဘလက်များ၊ solid-state drives နှင့် ပေါင်းစပ်ဆားကစ်များအပါအဝင် အီလက်ထရွန်းနစ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများပါဝင်ကြောင်း သိရှိရသည်။
တစ်ချိန်တည်းတွင် အိန္ဒိယမှ တင်ပို့ထားပြီး လမ်းကြောင်းပေါ်တွင်ဖြစ်နေသော ကုန်ပစ္စည်းများကို (စတီးလ်နှင့်အလူမီနီယံကဲ့သို့ပစ္စည်းများကို ၅၀ ရာခိုင်နှုန်းကောက်ခံမှုမှလွဲ၍) အစောပိုင်းအကောက်ခွန်နှုန်းထားဖြစ်သည့် ၁၀ ရာခိုင်နှုန်းဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်အထိ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။ သို့ရာတွင် ၅၀ ရာခိုင် နှုန်းနှင့် ၂၅ ရာခိုင်နှုန်းအသီးသီး အခွန်စည်းကြပ်ရန် ချမှတ်ထားသောစတီးလ်နှင့် မော်တော်ယာဉ်များတွင် အကောက်ခွန် ၂၅ ရာခိုင်နှုန်းထပ်တိုးကောက်ခံမှုအတွက် ရှင်းလင်းသည့်မူဝါဒများဖော်ပြရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံအတွက် ထိခိုက်မှုအများဆုံးအမျိုးအစားများမှာ ရေနံထွက်ပစ္စည်း၊ ဆေးဝါးနှင့် အီလက်ထရွန်းနစ်ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့အားလုံးသည် သွင်းကုန်ပါဝင်မှုမြင့်မားပြီး ပြည်တွင်းတန်ဖိုးထပ်တိုးမှုနည်းပါးကြောင်းလည်း သိရှိရပါသည်။
Source: Trump’s 25% blanket tariff without exemptions threatens $25 bn of Indian exports, GTRI, The Economic Times, July 23, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)